ဘုရားသခင်တို့၏ နောက်ဆုံးဖန်ဆင်းခြင်းနိုင်ငံတော်(ဆောင်းပါး)၊ စာရေးဆရာမ သက်ဝေနှင်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ သက်ဝေနှင်း၏ ဘုရားသခင်တို့၏ နောက်ဆုံးဖန်ဆင်းခြင်းနိုင်ငံတော် ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီလင်းဝဏ္ဏက ရေးဆွဲသည်။

ဘုရားသခင်တို့၏ နောက်ဆုံးဖန်ဆင်းခြင်းနိုင်ငံတော်

တိတ်ဆိတ်ငြိမ်သက်ခြင်း ဆိုတာ အေးချမ်းခြင်းလို့ အကြမ်းဖျင်း ယူဆရပေမဲ့ တကယ်တော့ ကြောက်စရာ၊ စိုးရိမ်စရာ၊ သံသယဝင်စရာ ကောင်းလှတဲ့ နိမိတ်လက္ခဏာတစ်ခု ဖြစ်တယ်လို့ပြောရင် လက်ခံကောင်း လက်ခံနိုင်ပြီး ငြင်းပယ်ကောင်းလည်း ငြင်းပယ်နိုင်ပါတယ်။ ပုံသဏ္ဌာန်ကတော့ မုန်တိုင်းမကျမီ တစ်လောကလုံးကို ငြိမ်သက်နေစေတဲ့ လေနတ်သားလိုမျိုး မာယာများများ ရောထားတဲ့ လေနုအေးဟာ အေးစက်စက်။ ဒီအချိန်မှာပဲ ပြိုပျက်လုနီးပါးဖြစ်နေတဲ့ ဝန်တင်လှည်းကြီးကို လူအိုမိန်းမတစ်ယောက် လက်ကျန်အင်အားသုံးပြီး တအိအိ ဆွဲသွားနေချိန်၊ လှည်းအိမ်ပြိုကြီးထဲကနေ ကလေးသူငယ်တွေ၊ လူရွယ်လူလတ်တွေ၊ လူအိုသူမတွေ၊ မျိုးရိုးစဉ်ဆက် တဖြောက်ဖြောက် ကျွံကျွံကျကျန်ခဲ့တာလည်း လူမသိ သူမသိ။ ဘုရားသခင်တွေတောင် မသိနိုင်လောက်တော့။ ဒါဟာ ပုံမှန်အရဆို ဖြည်းဖြည်းနဲ့မှန်မှန် ဆွေးနွေးကြရမှာ သံခင်းတမန်ခင်းအရပေါ့။ သို့သော် ခပ်စိပ်စိပ် ခပ်မြန်မြန် သွေးသားတို့ ဆူပွက်စေခဲ့တာဟာ ကမ္ဘာကြီးကို ဖျက်ဆီးလိုက် တော့မယ့် ဘုရားသခင်တို့ရဲ့အကြံအစည်၊ စေတန်ဟာ လက်ပိုက်ထားတယ်။ မျက်စိမှိတ်ထားတယ်၊ နားပိတ်ထားတယ်၊ ပါးစပ်မလှုပ်တော့ဘူး။ နောက်ဆုံးလက်ကျန်ကျည်တစ်တောင့်အတွက် သူတို့နိုင်ငံတော်မှာ သူတို့ အကျေအလည် ဆွေးနွေးကြစေချင်ပုံ သဘောပါပဲ။ ဘုရားတို့မကြိုက်သောအရာများအား အများက နှစ်သက်ကြသည်။ သွေးသားများကို ဆူပွက်စေသော၊ စိတ်အတွင်းအပြင်ကို ပေါက်ထွက်စေသော၊ နတ်တို့ မဖန်၊ လူသားတို့ ကိုယ်တိုင် ဖန်တီးကြကုန်သော နတ်သုဓာ အရည်၊ အခဲ၊ ပုံဆောင်တို့သည် လူသားတို့စိတ်ဖြေရာ ဖြစ်လာလေသောအခါ ဘုရားတို့က အဘယ်အရာကို ပိုင်းကန့်မည်နည်း။ ဗျစ်ရည်အိုးများကို ရိုက်ခွဲကြမည်လား။ ဦးနှောက်အကန့်များအား ဖြတ်ထုတ်၊ ပိတ်ဆို့ ပစ်ကြမည်လား။ သူတို့ရဲ့ နောက်ဆုံး နိုင်ငံတော်အတွက် ထိုးကျွေးခဲ့သော ကျားတစ်ကောင် ကြွေဆင်းဖို့အတွက် ကိုယ်တော်တိုင် ကောင်းချီးပေးပါလို့ အပိတ်စကား၏နောက်၌ အာမင်… လူသားတို့၏ ကံကြမ္မာများအတွက် ကောင်းခြင်းတို့ ဘုရားသခင်များထံ ထပြန်သွားကြလေပြီ။ ဘုရားသခင်တို့ရဲ့ နောက်ဆုံးနိုင်ငံတော်မှာ မြေမှုန့်တွေ ပခုံးလေးလာတယ်၊ လေထုဟာ မလတ်ဆတ်ဘူး၊ ကမ္ဘာကြီး ပိုတိမ်းစောင်းနေပြီ၊ အိမ်တွေ တိမ်တွေကို ပခုံးယှဉ်တယ်၊ တိမ်သားတွေ ရွေ့လျားရန် လမ်းပျောက်၊ လိင်ဆက်ဆံရေးက ထမင်းစား ရေသောက်၊ အကြွေကျပျောက်သလို အပေါက်အစ များလာခဲ့၊ အရေးမပါမှုတွေ အရာကြီးလာပြီး၊ ကလေးသူငယ်တွေ ဦးနှောက်ကြီးလာလို့ အသက်ကြီးလေ ဦးနှောက် ကျုံ့ဝင်ကြပေပြီ။ ဘုရားသခင်တို့ရဲ့ နောက်ဆုံးနိုင်ငံတော်ကြီးကို လူသားတို့ ဆွံ့အçစွာ လက်ပိုက်ကြည့်ရင်း မှင်တက်လို့၊ ငေးမောလို့၊ ဖန်ဆင်းမှုတွေ ခရီးလွန်ချိန် ဘုရားသခင်များကတော့ သေဆုံးကြချေပြီ။ လူသားမျိုးဆက် မျိုးပွားနှုန်း မြင့်မားခြင်းနဲ့အတူ နောက်ဆုံးနိုင်ငံတော်မှာ ဘုရားတို့ကို စာရင်းဖျက်ဖို့ အသင့်ဖြစ်နေကြသည်။ ကမ္ဘာကိုဖျက်မည့် လက်နက်များ  သွေးအေးအေး ခေါင်းထောင်လာကြသည်။ နိုင်ငံတော်ကြီးကာ သွေးပွက်ဆူပူ ကောင်းဆဲ။ ရှင်ဘုရင်များ နူနာသည်ခွက် လုကောင်းတုန်း၊ ဘုရားသခင်များ လှည့်စားချက်မှာ ပိုးစိုးပက်စက် ကျဆုံးကြသော လူသားများ၊ အမနာပစကားလုံးများ၊ ထကြွလှပတဲ့ မိန်းမတွေ အရေခွံထူလာကြ၊ ကလေးသူငယ်များ အာမခံချက်မရှိ၊ အရာအားလုံး နေဝင်တော့မည်။ ဘယ်နတ်ဘုရားမျှ အနားမရောက်နိုင်၊ နတ်ဝိညာဉ်များ ပျောက်ဆုံး၊ အလုံပိတ်အခန်း ကျယ်ကြီးထဲ စေတန်က လက်ပိုက်ရပ်နေဆဲ။ နောက်ဆုံး စာရင်းပေးသွင်းထားသော နိုင်ငံတော်သည်ကား ကျွန်ုပ်တို့နေထိုင်ရာ ဌာနေဘုံပင် ဖြစ်နေတော့သည်တကား။

သက်ဝေနှင်း

Leave comment

Your email address will not be published. Required fields are marked with *.