ကဗျာဆရာ၊ လိင်ကိစ္စ၊ ကျင့်ဝတ်(ဆောင်းပါး)၊ စာရေးဆရာမ ပန်ဒိုရာ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ ပန်ဒိုရာ၏ ကဗျာဆရာ၊ လိင်ကိစ္စ၊ ကျင့်ဝတ် ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ဟန်ဆန်းက ပြုလုပ်သည်။

ကဗျာဆရာ၊ လိင်ကိစ္စ၊ ကျင့်ဝတ်

(သတိ။ ။အသက် ၁၈ နှစ်ပြည့်သူမှ ဖတ်သင့်သောစာသားများ ပါဝင်သည်။)

Facebook စသုံးခါစ နှစ်ပိုင်းတွေက ဗီဒီယိုဖိုင်တစ်ခု တက်လာပါတယ်။ ကုန်တိုက်တစ်ခုလို့ ထင်ပါတယ်။ လူအများရှိရာ Public Place မှာလျှောက်တဲ့ မော်ဒယ်လ်ရှိုးတစ်ခုပါ။ ကလေးသူငယ်တွေအပါအဝင် ဖြတ်သွားဖြတ်လာ လူပေါင်းစုံက ငေးမောကြည့်နေကြတာ ဗီဒီယိုထဲမှာ မြင်နေရတယ်။ မော်ဒယ်လ်အမျိုးသား အမျိုးသမီးတွေဟာ လျှောက်နေရင်းနဲ့ အမျိုးသားရဲ့ခြေထောက်နားမှာ အမျိုးသမီးက ထိုင်ချလိုက်ပြီး အမျိုးသားကို လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုပေးတဲ့အမူအရာမျိုးနဲ့ က လိုက်တယ်။  အဲဒီနောက် အမျိုးသမီးဟာ ထိုင်လိုက်ထလိုက်နဲ့ ကိုယ်ကိုတွန့်လိမ်ပြီး ဘားမှာ တိုင်ပတ်ကတဲ့ Sexy အကမျိုး တွေ တစ်ကွက် နှစ်ကွက် ကပြီး မော်ဒယ်လ် ဆက်လျှောက်သွားကြတယ်။  လမ်းလျှောက်တဲ့မော်ဒယ်လ်စုံတွဲတွေ အားလုံးဟာ အဲဒီလိုအကွက်တွေနဲ့ သရုပ်ဖော်တင်ဆက်ခဲ့ကြတယ်။ အဲဒီ ဗီဒီယိုဖိုင်တက်လာတော့ ကလေးတွေပါ ကြည့်နေ တဲ့၊ လူအများရှိနေတဲ့နေရာ Public Place မှာ ဒီလိုတင်ဆက်ပုံမျိုးဟာ မသင့်တော်ဘူးလို့ လူတွေက မှတ်ချက်ရေး ဝေဖန်ခဲ့ ကြတာ သတိရပါတယ်။ စာအုပ်ရောင်းချပွဲတစ်ပွဲမှာ စာအုပ်ဝယ်ဖို့နဲ့ ကဗျာရွတ်ဖို့သွားခိုက် ကြုံဆုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေ ဝေမျှချင်ပါတယ်။ အဲဒီနေ့က စာအုပ်ဝယ်ဖို့ လာသူတွေနဲ့ အခြားသော ကဗျာဆရာတွေ၊ ကဗျာအသိုင်းအဝိုင်းက လူတွေဟာ ကဗျာရွတ်ပွဲမှာ နားထောင်ခဲ့ကြပါတယ်။ အဲဒီ ထိုင်နားထောင်နေတဲ့အထဲမှာ အသက် ၁၃-၄ နှစ်လောက်ရှိမယ့် အဖြူအစိမ်းဝတ် ကျောင်းသူတစ်ဦး၊ အဲဒီ ကျောင်းသူလေးရဲ့သူငယ်ချင်းတွေလို့ ယူဆရတဲ့ အဖြူအစိမ်း ဝတ်မထားတဲ့ အခြားသောရွယ်တူ ကလေး ၂ ဦး ၃ ဦး၊ ကျွန်မသူငယ်ချင်းရဲ့သားကလေး ၃ နှစ်နီးပါးအရွယ် ကလေးတစ်ဦး ပါဝင်ပါတယ်။  ကဗျာဆရာတစ်ဦးဟာ (ကဗျာဆရာရဲ့ နာမည်ကို ထိခိုက်မှာစိုးလို့  ဒီဆောင်းပါးမှာ မဖော်ပြတာ ဖြစ်ပါတယ်။) သူ ကဗျာရွတ်တဲ့အလှည့်မှာ စောစောကပြောခဲ့တဲ့ အနေအထားရှိနေတဲ့ ပရိသတ်ရှေ့မှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေပါတဲ့ ကဗျာတွေ ရွတ်ခဲ့တာကိုကြားခဲ့ရပါတယ်။ ကဗျာရေးသားစဉ်က သူ့ကဗျာတွေရဲ့ဆိုလိုချက်မှာ ကာမရာဂ နှိုးဆွစေဖို့လိုမျိုးတော့ ရည်ရွယ်ချင်မှ ရည်ရွယ် ပါလိမ့်မယ်။ ဒါပေမဲ့ နမူနာအားဖြင့် ထုတ်နုတ်ပြရရင်- “ငါက အိပ်ရာထဲကနေ ထွက်တယ်။ ဘောင်းဘီ မပါဘူး။ ကောင်မတစ်ကောင်က ငါ့ခုတင်မှာ အိပ်နေတယ်”၊ “သူမရဲ့နို့ကို နောက်ကနေ ဆွဲညှစ်ပြီးပဲ ဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ် သူမရဲ့လျှာကို လက်နဲ့နှိုက်ပြီး၊ သူမရဲ့ စအိုပေါက်ထဲ ပြန်ထည့်တာမျိုး”၊ “ပြီးတော့ သူမရဲ့ပေါင်ကို ကားပေးတယ်။ ခုတင်ပေါ်က ကောင်မက အသံထွက်လာပြန်တယ်။ ညက ကျွန်မတို့ ဘယ်အချိန် အိပ်ကြတာလဲလို့ မေးတယ်။ လျက်နေရတော့ ပြန်ဖြေဖို့ ပါးစပ်က မအားသေးဘူး” အဲဒီလိုဝါကျတွေ ပါပါတယ်။ ဒါဟာ အရွယ်ရောက်သူတွေမှ နားထောင်လို့ သင့်တော်မယ့်စာသားတွေဆိုတာ ထင်ရှားပါတယ်။ ကဗျာတစ်ပုဒ်လုံးအနေနဲ့တော့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ နက်နဲတဲ့ ဆိုလိုရင်းတွေ စသဖြင့် ရှိပါလိမ့်မယ်။  ဒီနေရာမှာတော့ ကဗျာရွတ်ဖတ်ခြင်း ဖြစ်တဲ့အတွက် ဝါကျအဆင့် Level ကိုပဲပြောတာပါ။ ရွတ်တဲ့နေရာမှာ စာသားတွေကို Line by Line တစ်ကြောင်းပြီးတစ်ကြောင်း နားထောင် နေရတာပါ။ ကဗျာကြီးတစ်ပုဒ်လုံး ခြုံငုံပြီး “ဒါက ဒီလိုဆိုလိုတာဖြစ်မယ်” စသဖြင့် သုံးသပ်မှုဟာ ကဗျာရွတ်တာကို နား ထောင်နေတဲ့အချိန်မှာ မစဉ်းစား မဆင်ခြင်နိုင်ပါဘူး။ အဲဒီ စာသားတွေ ပါနေတာကို ကြိုတင်သတိပေးမှုမလုပ်ဘဲ ကလေးသူငယ်တွေရှိနေတဲ့ လူပုံအလယ်မှာ ရွတ်တာဟာ ကျင့်ဝတ်အရ အဆင်မပြေပါဘူး။  အဲဒီကျင့်ဝတ် ဆိုတာကလည်း ကျွန်မရဲ့ပုဂ္ဂလစံ၊ ကျွန်မ သတ်မှတ်ထားတဲ့ အယူအဆတစ်ရပ် မဟုတ်ဘဲ၊ ပြီးတော့ ယဉ်ကျေးမှု၊ ဘာသာရေးတွေအထိ ဆိုလိုတာလည်းမဟုတ်ဘဲ နိုင်ငံတကာမှာကိုက(ရုပ်ရှင်တွေမှာ) အများက သတ်မှတ်လက်ခံထားကြတဲ့ G, PG, PG 13, R, NC 17 တို့လိုမျိုး Rating ကို ဆိုလိုတာပါ။ Age Appropriateness ပါ။ အရပ်ထဲမှာ လူ့ကျင့်ဝတ်လို့ သာမန်လူအများ နားလည်ထားတတ်ကြတဲ့ အသက်အရွယ်နဲ့ သင့်တော်၏၊ မသင့်တော်၏ ဆိုတာပါ။ စာအုပ်တွေမှာတော့ အဲဒီလို Rating သတ်မှတ်ထားတာ သိပ်မကြားဖူးပေမဲ့ လူတိုင်း(နီးပါး) နားလည်ထားကြတာ အနည်းဆုံးတော့ Adult အရွယ်ရောက်သူတွေ ကြားမှာ ပြောတဲ့ လိင်ပိုင်းဆိုင်ရာ အရေးအသားအကြောင်းအရာတွေကို အသက်မပြည့်သူ ကလေးသူငယ်တွေ နားထောင်ဖို့ အချိန်မတန်သေးဘူးဆိုတာပါပဲ။ ပြောသူပြသူဟာ အဲဒီအခြေခံလူ့ကျင့်ဝတ်ကို မသိဘူးလို့ ယူဆရပါတော့မယ်။ အဲဒီလို ကျင့်ဝတ်တွေ စောင့်ထိန်းကြတယ်ဆိုတာကလည်း စိတ်ခံစားမှုကို မထိန်းချုပ်နိုင်သေးတဲ့၊ ဆင်ခြင်မှုအားနည်းသေးတဲ့ ကလေးအရွယ်တွေမှာ မဆုံးဖြတ်သင့်တာတွေ၊ မလုပ်သင့်တာတွေကို မလုပ်မိအောင် သတင်းအချက်အလက်တွေ ကန့်သတ်ပေးထားတဲ့သဘောပါပဲ။ ဒီလိုအကြောင်းအရာတွေ စာသားတွေဟာ ကဗျာရွတ်ပွဲတွေမှာ ကြိုပြောမထားဘဲ ပါကောင်းပါလာတတ်တယ်ဆိုတာကို လာရောက်ခဲ့တဲ့ ကလေးတွေရဲ့ မိဘတွေကသိရင် သားတို့သမီးတို့ ကဗျာရွတ်ပွဲတွေ မသွားသင့်ဘူးလို့ တားမြစ်ကြမှာလားဆိုတာလည်း တွေးမိပါတော့တယ်။ နောက်တစ်ခုစဉ်းစားမိတာကတော့ အဲဒီနေ့ကပွဲမှာ နားထောင်နေကြတဲ့ ကဗျာဆိုင်ရာ ပုဂ္ဂိုလ်တွေဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ ပြောသံဆိုသံ မကြားတာပါပဲ။ အမုန်းခံပြီး မပြောချင်ကြတာလား။ ခေတ်နောက်ကျတယ်၊ ရှေးရိုးစွဲတယ်လို့ အထင်ခံရမှာစိုးလို့လား။  ဒါမှမဟုတ် ဘယ်သူမှ ဒါနဲ့ပတ်သက်လို့ အမြင်ကိုမရှိကြတာလား။ ဒီလိုအနေအထားဟာ ဘာပြဿနာမှမရှိပါဘူး အဆင်ပြေတယ်လို့ပဲ တကယ် မှတ်ထင်ကြတာလား။ လူတွေရဲ့ အတွေးထဲ ဝင်မကြည့်နိုင်တော့လည်း မသိနိုင်ပါဘူး။ ကျွန်မတစ်ယောက်တည်းကပဲ ထူးဆန်းတဲ့အမြင် ဖြစ်နေတာလား။  ဒီလိုမှ မပြောရင်လည်း ဒီလိုပဲ ဆက်ဖြစ်နေကြမှာမို့ ကိုယ့်အယူအဆကို အခုလို တင်ပြလိုက်တာပါ။ ကာလံဒေသံဆိုတာရှိပါတယ်။ တချို့အနေအထားတွေမှာ အဆင်ပြေတာ ရှိပါတယ်။ ဥပမာ လူငယ်ကဗျာဆရာတစ်စု စီစဉ်တဲ့ တော်လှန်ကြောင် ကဗျာရွတ်ပွဲဆိုရင် စားသောက်ဆိုင်တစ်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ ပြောရရင် အဲဒီဆိုင်က ဘားဆိုင်ပုံစံပါ။ အရက်ဆိုင်ဆိုပါစို့။ အဲဒီဆိုင်ကို လာနိုင်တယ်ဆိုကတည်းက ပရိသတ်က မှန်းလို့ရ နေပါပြီ။ အဲဒီလို အခင်းအကျင်းမျိုးဆိုရင်တော့ အဲဒီပတ်ဝန်းကျင်မှာ အသက်ပြည့်သူမှ နားထောင်သင့်တဲ့ကဗျာမျိုးရွတ်တာ ပြဿနာ မရှိလောက်ပါဘူး။ ဒါပေမဲ့ စာသင်ကျောင်းတွေ၊ ဘယ်သူမဆို လာနိုင်တယ်လို့ ဖိတ်ခေါ်ထားတဲ့ပွဲတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာတော့ ကိုယ်ရွတ်မယ့်ကဗျာရဲ့ Age Appropriateness ကို ထည့်စဉ်းစားပြီး၊ ဖြစ်နိုင်ရင် မလိုလား အပ်တဲ့ ဘာသာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှု အငြင်းပွားဖွယ်တွေကိုပါ ရှောင်နိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။ နောက်ထပ် ဆက်စပ်ပတ်သက်တာက တာဝန်ယူတယ်ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ “ကိုယ်ရေးတဲ့စာ ကိုယ် တာဝန်ယူတယ်” ဆိုတာ ပြောလေ့ရှိကြပါတယ်။ “စာရေးသူဟာ စာရေး ပြီးရင် ဘာတာဝန်မှမရှိဘူး” လို့ ပြောဆိုတာလည်း ကြားဖူးပါတယ်။ ဘယ်နယ်ပယ်မှာမဆို အခွင့်အရေးနဲ့ တာဝန် Rights and Responsibility ဆိုတာ အမြဲယှဉ်တွဲနေ တတ်ပါတယ်။ စာရေးနေတဲ့အခိုက်မှာ လွတ်လပ်စွာ ရေးသားခွင့်ရှိရမယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှု Responsibility/ Accountability ဆိုတာလည်း လူမြင်အောင် လူအများသိရှိအောင် ထုတ်ဝေဖြန့်ချိတဲ့အချိန်မှာ ပါလာမှာပါ။ အဲဒါဟာ ငါဖြင့် လူအများကို အကျိုးပြုဖို့ ဒီလိုစာမျိုးရေးမှ၊ ဟိုလိုစာမျိုးရေးမှဆိုပြီး ဖန်တီးချိန်မှာ စိတ်ထားဖို့ ပြောတာ မဟုတ်ပါဘူး။ အဲဒီလိုစိတ်ထားလည်း “ဖက်ဆစ်ငပု၊ တူနဲ့ထုလော့” ဆိုတဲ့ အတုံးလိုက် ဝါဒဖြန့်စာမျိုးပဲ ထွက်လာမှာပါပဲ။ ဖန်တီးသူဟာ ဖန်တီးချိန်မှာ စိတ်ထဲ ကင်းရှင်းနေလေ ကောင်းလေလို့ ထင်ပါတယ်။ တချို့ကလည်း ရိုးသားမှုလို့ ပြောကြပါတယ်။ တာဝန်ယူမှုဆိုတာ တစ်ပါတည်းတွဲနေရတဲ့ အကြောင်းရင်းကတော့ လူဟာ(နေချင်ချင် မနေချင်ချင်) အများနဲ့ မလွှဲသာ မရှောင်သာ ယှဉ်တွဲနေထိုင်နေရလို့ မငြိစွန်းအောင် ပြဿနာကို ရှောင်ရှားဖို့ပါ။ လူအများသတ်မှတ်ထားတဲ့ ကျင့်ဝတ်တို့၊ လုပ်လေ့လုပ်ထရှိကြတဲ့ ဓလေ့ထုံးတမ်းတို့၊ အုပ်ချုပ်သူအစိုးရက ပြဋ္ဌာန်းထားတဲ့ ဥပဒေတို့ဆိုတာ ရှိနေပါတယ်။ တစ်ဖက်မှာ လူတစ်ဦးချင်းရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စွမ်းရည်တွေ၊ ဖန်တီးမှုတွေကို မြှင့်တင်နေချိန်မှာ တစ်ဖက်ကလည်း လူတွေဟာ မိမိနေထိုင်နေတဲ့ လူ့ပတ်ဝန်းကျင်က အဲဒီသတ်မှတ်မှုတွေအပေါ် မိမိကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လေးစားမှုရှိမှ ပြဿနာ နည်းပါတယ်။ လေးစားမှုဆိုတာကလည်း ထိုင်ရှိခိုးရတာမျိုး မဆိုလိုပါဘူး။ အင်္ဂလိပ်စကား Respect ကို ဆိုလိုတာပါ။ အထက်ပါ ပြောဆိုမှုတွေဟာ ကဗျာရေးသူတွေကို ဒီလို ကဗျာမရေးသင့်ဘူး၊ မရေးနဲ့လို့ပြောတာ မဟုတ်မှန်းလည်း ကွဲကွဲပြားပြား သိစေချင်ပါတယ်။ လိုရာဆွဲပြီး ဝေဖန်မှုတွေ ရှိတတ်လွန်းလို့ မိမိပြောခဲ့တာတွေနဲ့ ပြဿနာသာမက ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အကျဉ်းချုပ်တင်ပြလိုပါတယ်။ ၁။ကလေးသူငယ်တွေရှိနေတဲ့ ၊ အသက်အရွယ်မရွေး ကျား၊ မ၊ ဘုန်းကြီး၊ သီလရှင် စသဖြင့် ဘယ်သူမဆို အချိန်မရွေး ဝင်ရောက်လာနိုင်တဲ့၊ လာဖို့လည်း ဖိတ်ခေါ်ထားတဲ့ လူပုံအလယ်မှာ အတိအလင်း ဖော်ပြထားတဲ့လိင်ကိစ္စတွေ အများအပြားပါတဲ့ အရေး အသားအကြောင်းအရာတွေနဲ့ ကဗျာရွတ်တာ အဆင်မပြေဘူးလို့ ယူဆပါတယ်။ ၂။ကဗျာဆရာ တွေကို လိင်အကြောင်းအရာနဲ့ အခြားသော အငြင်းပွားဖွယ်ကိစ္စပါတဲ့ ကဗျာမျိုးမရေးနဲ့၊ မရေးသင့်ဘူးလို့ ဒီဆောင်းပါးက မဆိုလိုပါ။ ဘယ်သူမဆို ကဗျာကို ဒီလိုမရေးနဲ့၊ ဟိုလိုမရေးနဲ့ ပြောတာမျိုး မိမိလက်မခံပါ။ ၃။ ကဗျာကို လူတိုင်းလွတ်လပ်စွာ ကြိုက်သလိုရေးဖို့ အခွင့်အရေး ရှိသင့်ပါတယ်။ ဒါပေမဲ့ (၁) ကဗျာရေးတာနဲ့ (၂) ရေးပြီးသားကဗျာကို လူတွေမြင်အောင် ချပြတာ (ထုတ်ဝေခြင်း၊ ရွတ်ဖတ်ခြင်းစသဖြင့်)နဲ့ဟာ သီးသန့်ကိစ္စ ၂ ခု ဖြစ်ပါတယ်။ အခုပြောနေတာက ဒုတိယကိစ္စ ဖြစ်ပါတယ်။ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ စဉ်းစားကြည့်ပါတယ်။ ၁။ အဲဒီလို ကဗျာမျိုး ရွတ်မယ်ဆိုရင် ပွဲစီစဉ်သူကို အလေးထားစွာ ကြိုတင်ပြောထားရင်၊ ညှိနှိုင်းထားရင် အဆင်ပြေနိုင်ပါတယ်။ ၂။ စီစဉ်သူကို ကြိုမပြောမိလည်း ပွဲတစ်ပွဲမှာ ရွတ်ခါနီးတိုင်း ပရိသတ်ကို အကဲခတ်ပြီးမှ ရှောင်သင့်သူတွေ ရှောင်နိုင်အောင် ကြိုတင်သတိပေးတာဖြစ်ဖြစ်၊ ပရိသတ်နဲ့ သင့် တော်တဲ့ ကဗျာကို ပြောင်းလဲရွေးချယ်တာဖြစ်ဖြစ် ရွတ် ရင်လည်း အဆင်ပြေနိုင်ပါတယ်။ ၃။ ထုတ်ဝေတဲ့ စာအုပ်စာစောင်တွေ မှာလည်း အဲဒီအကြောင်း အရာတွေပါရင် အသက်(…)နှစ်ပြည့်သူများမှ ဖတ်သင့်သည်ဆိုတာမျိုး စာရေးသူက မိမိဘာသာ အတတ်နိုင်ဆုံး အကဲဖြတ်ပြီး သတိပေးစာလေးတွေ ထည့်ထားရင် အလေ့အကျင့်ကောင်းတစ်ခုလို့ ထင်ပါတယ်။ စာကြည့် တိုက်အတွက် စာအုပ်ဝယ်သူမျိုး၊ သားသမီးအတွက် ဝယ်သူမျိုး စဉ်းစားဆင်ခြင်ဖို့ အထောက်အကူပြုမှာပါ။ (နိုင်ငံတကာမှာ တော့ စာအုပ်နဲ့ပတ်သက်လို့ အသက်အရွယ်အလိုက် ဘာသာစကားလွယ်ကူမှုနဲ့ပတ်သက်လို့ ခွဲခြားသတ်မှတ်ပေး တာမျိုးတွေ့ပေမဲ့ သင့်တော်မှုအပေါ်မှာ ခွဲခြားသတိပေးတာမျိုးမတွေ့မိပါ။ စာအုပ်ဆိုတာ ရုပ်ရှင်ဗီဒီယိုတွေလို အများနဲ့ ကြည့်တာ မဟုတ်ဘဲ တစ်ဦးချင်းဖတ်တဲ့ကိစ္စဖြစ်တာရယ်၊ စာအုပ်ထုတ်ဝေမှုဟာ အရေအတွက် အလွန်များပြားတဲ့အတွက် ထွက်သမျှ စာအုပ်ကို Professional Rating လုပ်ရမယ်ဆိုရင် ကုန်ကျစရိတ်ရှိတဲ့အတွက်ကြောင့် ရယ်စသဖြင့် ဖြစ်နိုင်ပါတယ်။) ၄။ ၁၈+ ဆိုတာ အနုတ်သဘောဆောင်တဲ့ ပြောဆိုချက်မဟုတ်ပါ။ အခု အင်တာနက်ထဲမှာ ဖတ်နေရတာက ၁၈+ လို့ အပြောခံရရင် ခံရသူက မကျေမနပ်ဖြစ်သလိုလို၊ အဲဒီလိုသတ်မှတ်သူက ရှေးရိုးစွဲသလိုလို နောက်ဆက်တွဲ ခံစားချက် တွေ တွေ့နေရပါတယ်။ ၁၈+ လို့ ပြောလိုက်ရင် ရိုးရိုးပဲ ဖြစ်ပါတယ်။ အသက် ၁၈ ပြည့်ပြီး သူသာ ဖတ်သင့်သော (လိင်ကိစ္စ သာမက ကြမ်းတမ်းသော အခြားအကြောင်းအရာ၊ သွေးထွက်သံယို၊ မူးယစ်ဆေးဝါးစသဖြင့်) အကြောင်းအရာတွေပါတယ် ဆိုတာကို သတိပေးထားတာသာ ဖြစ်ပါတယ်။ ကျွန်မတစ်ဦးတည်းရဲ့ သဘောထားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ အသက်ပြည့်သူလည်းဖြစ်၊ ကဗျာရေးသူလည်းဖြစ် လိင်ကိစ္စဆိုတာ ဘာမှအထူးအဆန်းလည်း မဟုတ်တဲ့အတွက် ပရိသတ်ထဲမှာ ကျွန်မရှိနေရင် အဲဒီကဗျာမျိုးရွတ်တာ မိမိတစ်ဦးတည်းအတွက် ဘာမှမထိခိုက်ပါ။ ဒါပေမဲ့ အစ်ကို၊ မောင်၊ အဖေ၊ အမေ၊ ညီမ စသဖြင့် ရိုးရိုးသားသား သာမန်စာဖတ်သူဖြစ်တဲ့ မိသားစုဝင်တစ်ဦးဦး အတူပါလာပြီး လိင်ကိစ္စပါတဲ့ ကဗျာမျိုးကိုအတူ နားထောင်ရရင်တော့ စာသားရဲ့အလေးအပေါ့ အနုအကြမ်းမှာ မူတည်ပြီး သူတို့အတွက် အားနာမိမှာပါ။ အိမ်တွေမှာ မိသားစုလိုက်ဆိုရင် ပွန်းကား Porn Movie အတူတူ မကြည့်ကြသလိုဆန်ဆန်ပေါ့။ ၂။ ကဗျာထဲမှာ လိင်ကိစ္စ အပါအဝင် ကြမ်းတမ်းမှုတွေ၊ သွေးထွက်သံယိုကိစ္စတွေ စတဲ့ အသက်ပြည့်သူများသာ ဖတ်သင့်တဲ့ကိစ္စတွေထည့်တာနဲ့ ပတ်သက်လို့တော့ ကျွန်မ ရေးသားတဲ့စာတွေ ကဗျာတွေမှာတော့ လိုအပ်ရင် ထည့်ပါတယ်/မယ်။ မလိုရင် မထည့်ပါ။ ၃။ အခြားသူတွေ ရေးသားတဲ့ လိင်ကိစ္စပါတဲ့ကဗျာတွေနဲ့ ပတ်သက်လို့တော့ မိမိကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ Case by Case ပါ။ သဘောကျဖို့ ကောင်းတာတွေလည်း တွေ့မိသလို မကြိုက်တာလည်း ရှိပါတယ်။ သို့သော် အတုအပြိုင်များတဲ့ လူ့သဘာဝထဲမှာ အရေးအသား ကျွမ်းကျင်တဲ့တစ်ယောက်ယောက်က အဲဒီကိစ္စတွေ အဆင်ပြေပြေရေးနိုင်တာကို အားကျပြီး သူ့လို လိုရာရောက်အောင်၊ မလိုရာ မရောက်အောင် မိမိကရေးနိုင်တဲ့ ကျွမ်းကျင်မှုရှိမရှိကို မိမိဘာသာ မသိဘဲ အတင်းလိုက် ရေးတာမျိုး၊ ခေတ်နောက်ကျ မကျန်ရစ်အောင်လို့ တမင် ရေးနေတာမျိုး၊ မိမိကဗျာ ပေါ်လွင်ထင်ရှားအောင်လို့ တကူးတက ရေးနေတာမျိုးလို့ ယူဆစရာတွေ့မိရင်တော့ ကရုဏာသက်မိရုံပါ။ ဒါကလည်း စာရေးသူ စာဖတ်သူ တစ်ယောက်နဲ့ တစ်ယောက် အယူအဆတူမယ် မထင်ပါ။

ပန်ဒိုရာ

Leave comment

Your email address will not be published. Required fields are marked with *.