သူ့အရုပ် သူ့အလုပ်(ဝတ္ထုတို)၊ စာရေးဆရာ ဉီးဘုန်း-ဓာတု

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ ဉီးဘုန်း-ဓာတု၏ သူ့အရုပ် သူ့အလုပ် ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ဆန်နီညိမ်းက ရေးဆွဲပါသည်။

သူ့အရုပ် သူ့အလုပ်

(တစ်)
“ရုပ်သေးရုပ်ကလေးတွေ… ကတတ်သလား”
သေးသေးကျဉ်းကျဉ်း ရှည်ရှည်မျောမျော ရုပ်သေးရုံ၏အလယ်မကျ တကျနေရာမှာ ထိုင်နေရင်း နဏက ကိုပေါ်ဦးကို မေးသည်။ နဏ က ကိုပေါ်ဦး ညီမက မွေးသည့် သားငယ်လေး။ ကျောင်းနာမည်က ထွန်းတောက်ကြယ်။ ထိုနာမည်ကို ဘယ်သူကမှ အိမ်မှာ မခေါ်။ အမေးအမြန်းထူသည်။ မသိရလျှင် မနေနိုင်။ အရာရာကို သိချင်သည်။ “ဂဃနဏ” သိချင်သည်။ ထို့ကြောင့် သူ့အဘိုးက သူ့မြေးကို “ဂဃ နဏ” ဟု ချစ်စနိုးခေါ်ရာမှ စနေသားဖြစ်သောကြောင့် “နဏ”ဖြစ်လာရတော့ သည်။
“ကတတ်တာပေါ့ နဏရဲ့”
“ကçတတ်ပါဘူး…ဗျာ”
“ဟ… ဟိုမယ်ကြည့်၊ ဘီလူးရုပ် နှစ်ရုပ်။ ကနေကြတာ မတွေ့ဘူးလား”
“အဲဒါ ကနေကြတာမှ မဟုတ်ဘဲ။ ရန်ဖြစ်နေကြတာ”
ရုပ်သေးစင်အောက်မှာရှိသော ဆိုင်းဝိုင်းက ဘီလူးဆိုင်းတီးနေကြသည်။ ဗိန်းဗောင်းတိုက်နေကြသည်။ ရုပ်သေးစင်ပေါ်မှာ ဘီလူးနှစ်ကောင်…။ လုံးထွေးပြီး သတ်ပုတ်နေကြ၏။ တစ်ကောင်နှင့်တစ်ကောင် ဖနောင့်ဖြင့် ပေါက်နေကြ၏။ တံတောင်ဖြင့် တွက်နေကြ၏။ တစ်ကောင်၏လည်ပင်းကို တစ်ကောင်က ခြေထောက်ဖြင့် နင်းခြေနေကြ၏။ ဤသည်ကို ကြည့်ပြီး နဏ က ကိုပေါ်ဦးကို ပြန်ပြောနေခြင်း ဖြစ်သည်။
“အဲဒါ ကနေကြတယ်လို့ မှတ်”
“ဟာဗျာ… ရန်ဖြစ်နေတာချည်းကိုး”
ပေါက်ပေါက်ရှာရှာ မေးတတ်သည့် နဏ…။ သူမေးသမျှကို စိတ်ရှည်လက်ရှည် ဖြေဖို့က မလွယ်။ အခုလည်း သူ့ထုံးစံအတိုင်း မေးသည်။ စကားနိုင်လုသည်။
“ဒါ… ကနေကြတာမဟုတ်ဘူး။ သေသေချာချာကြည့်ပါလား”
“အဲ့ဒါ ကကြိုးအတိုင်း ကနေကြတာ နဏရဲ့”
“ဗျာ”
“ကကြိုးအတိုင်း ကနေကြတာ။ မှတ်ထား”
“ဒါဆိုရင် ကကြိုးဆိုတာ ဘာလဲ”
ဟော… လာပြန်ပြီ။ နောက်ထပ် မေးခွန်းတစ်ခု။
“နဏ ကလည်းကွာ။ ရုပ်သေးပွဲကို သေသေချာချာ ကြည့်။ ရုပ်သေးရုံထဲမှာ လူတွေနဲ့။ စကားမပြောရဘူး”
“သား သိပါတယ်။ ဒါကြောင့် တိုးတိုးလေးမေးနေတာ။ ကကြိုးဆိုတာ ဘာလဲ သားကို ရှင်းပြ”
ခက်ပြီ။ ကိုပေါ်ဦးက နဏ ပခုံးကို ဖက်လိုက်ပြီး-
“ကဲ… နားထောင်။ ကကြိုးဆိုတာ ဆိုင်းဝိုင်းက တီးတဲ့အတိုင်း အချိုးညီညီ ကရတာ။ ဘီလူးဆိုင်းတီးရင် ဘီလူးအက၊ နတ်ဆိုင်းတီးရင် နတ်အက၊ နှစ်ပါးသွား မြိုင်ထတီးရင်း နှစ်ပါးသွားအက၊ မြင်းဆိုင်းတီးရင် မြင်းအက။ ဒီလိုပဲ မျောက်ဆိုင်းတီးရင် မျောက်အက”
“ဒါဆိုရင်… ဘီလူးရုပ်အတွက် မျောက်ဆိုင်းတီးမယ်။ မရဘူးလား”
“မရဘူး”
“နတ်ဆိုင်းတီးမယ်ဗျာ”
“မရဘူး”
“ဒါဆိုရင် ဘီလူးရုပ်တွေအတွက် နှစ်ပါးသွား မြိုင်ထဆိုင်း တီးမယ်”
“မရဘူးကွ”
“ဘာဖြစ်လို့လဲ”
“ဘီလူးရုပ်တွေဖြစ်နေလို့…”
ကိုပေါ်ဦး စိတ်ပျက်ပြီ။
“ဘီလူးရုပ်တွေမှာ ဘီလူးအထီးနဲ့ ဘီလူးအမ ရှိသလား”
မမျှော်လင့်သည့်မေးခွန်း လာပြန်ချေပြီ။
“ရှိတာပေါ့”
“အထီးနဲ့အမ ရှိရင် ချစ်သူတွေ၊ စုံတွဲတွေ၊ လင်မယားတွေ ရှိနိုင်တာပေါ့”
“မင်းကလည်း ပေါက်ပေါက်ရှာရှာ”
“သား ကြားဖူးတဲ့ ရာမဇာတ်တော်ထဲမှာ ဒသဂီရိဆိုရင် ဘီလူးကြီး။ ဘီလူးကြီးဖြစ်ပြီး လူမိန်းမ မယ်သီတာကို ကြိုက်တယ်။ ဘီလူးတွေမှာလည်း အချစ်ရှိတာပဲ”
“ဟကောင်… ကလေးစကား ပြောစမ်း”
“ဟာဗျာ။ နှလုံးသားရှိတယ်ဆိုရင် နှစ်ပါးသွား မြိုင်ထအက ကလို့ရနိုင်တာပေါ့”
ဒီကောင်နှင့် ခက်ပြီဟု ကိုပေါ်ဦး ညည်းညူလိုက်မိသည်။ ယနေ့ခေတ်ကလေးများက အသိမြန်သည်။ အတတ်စောသည်။ အမေးအမြန်းထူသည်။ ဤသည်ကို ခွန်းတုံ့ပြန်ပြီး ပြောသည်ဟု လူကြီးများက အဓိပ္ပာယ်ဖွင့်ကြသည်။ ခံစားကြသည်။ မရိုမသေလုပ်သည်ဟု ထင်မြင်ကြသည်။ လူကြီးတွေ ထားသလိုနေ၊ လူကြီးတွေ ပြောသလိုလုပ်၊ ဘာမှပြန်မပြောနဲ့။ ဒါမျိုးမှ လိမ္မာတဲ့ကလေးဟု သတ်မှတ်ကြသည့် ကိုပေါ်ဦးတို့ ငယ်စဉ်ဘဝနှင့် တခြားစီ။ ယခုလည်း ရုပ်သေးပွဲ ကြည့်နေရင်း ဘီလူးရုပ်တွေကို မြိုင်ထအကçက ခိုင်းလို့မရဘူးလားတဲ့။ ကိုပေါ်ဦး တစ်ခါမှ မတွေးမိ။ ထိုအချိန်တွင် ဇော်ဂျီအရုပ်ထွက် လာပြန်သည်။ ဇော်ဂျီက ဇော်က ကသည်။ ဆေးကြိတ်သည့် တောင်ဝှေးကို မြှောက်သည်။ ပင့်သည်။ မသည်။ တစ်ခါတစ်ရံ ပခုံးပေါ်မှာ တင်သည်။ ဝှေ့ယမ်းသည်။
“ဇော်ယောင်၊ ဂျီယောင်… ဆေးကြိတ်တဲ့မောင်…”
ထိုသီချင်းကို သီဆိုလိုက်၊ ဘယ်ခြေကို မြှောက်ပြီး ညာခြေကို ချလိုက်၊ ဦးခေါင်းလေးကို စောင်းလိုက်… ငဲ့လိုက်၊ ဆေးကြိတ်လိုက်။ သူ့တီးကွက်အတိုင်း ကနေ၏။
“ဇော်ဂျီအကနဲ့ ဘီလူးအက မတူဘူးနော်”
ဟော… မေးခွန်းတွေ လာတော့မည်။
“ဇော်ဂျီအကနဲ့ ဘီလူးအက ဘာကြောင့်မတူတာလဲ”
“အရုပ်ချင်းမတူလို့…”
“ဗျာ…”
“အရုပ်ချင်းမတူရင် ဆိုင်းရဲ့တီးကွက်ချင်းလည်း မတူဘူး။ မင်း သေချာနားထောင်ကြည့်”
“ဆိုင်းတီးတဲ့သူက တီးရင်ဖြစ်နိုင်တာပဲ”
“ခက်တော့တာပဲကွာ”
ကိုပေါ်ဦး အတော်စိတ်ညစ်နေပြီ။
“ဇော်ဂျီက ဘီလူးလို မကတတ်ဘူးလား”
“မကတတ်ဘူး”
“ဘီလူးကရော၊ ဇော်ဂျီလို မကတတ်ဘူးလား”
“မကတတ်ဘူး”
စိတ်မရှည်သည့်လေသံဖြင့် ကိုပေါ်ဦးက ဖြေသည်။
“မဖြစ်နိုင်တာ”
“မကတတ်ပါဘူးဆို…၊ မင်းကလည်း…”
သက်ပြင်းရှည်ကြီးကို ဟင်းခနဲ၊ ဟင်းခနဲ ကိုပေါ်ဦး ချနေမိတော့သည်။ ရုပ်သေးပွဲလည်း ပြီးစေချင်လှပြီ။
“ဒီမယ်… မှတ်ထား။ အရုပ်ချင်း မတူရင် ဆိုင်းရဲ့တီးကွက်ချင်းလည်း မတူဘူး။ သူ့အရုပ်မှာ သူ့အက သူ့တီးလုံး၊ သူ့ပုံစံ သူ့စရိုက်ဆိုတာ ရှိတယ်။ သူ့ကကြိုးဆိုတာ ရှိတယ်။ တီးလုံးကို လွန်ဆန်ပြီးလည်း ကလို့မရဘူး။ သူ့စရိုက်နဲ့သူ ကကြရတာ”
နဏ က မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ကိုပေါ်ဦးကို မော့ကြည့်ပြီး ပြောသမျှစကားကို နားထောင်လိုက်၊ မေးလိုက် လုပ်နေသည်။
“မျောက်ကလေးတွေ ထွက်လာရင် ခုန်ဆွခုန်ဆွဖြစ်အောင် တီးလုံးက တီးပေးရတယ်။ ကြိုးဆွဲတဲ့သူက ခုန်ဆွခုန်ဆွဖြစ် အောင် ကြိုးဆွဲရတယ်။ ခါးကလေးကို ကုန်း၊ ဖင်လေးကို မြှောက်၊ ခေါင်းကလေးကို ကုတ်၊ ကွတကွတဖြစ်အောင် ကြိုးဆွဲ ရတယ်။ ဒါမှ ချစ်စရာကောင်းတော့မပေါ့”
“ဪ…”
“ဒီလိုပဲ၊ မြင်းရုပ်ကလေး ထွက်လာရင်… မြင်းကလေး ပြေးနေတဲ့ အမူအရာဖြစ်အောင် ဆိုင်းက သော့သော့လေး တီးပေးရတယ်။ မြင်းကလေးကလည်း ရှေ့ညာဘက်ခြေထောက်မြှောက်ရင်၊ နောက် ဘယ်ဘက်ခြေထောက် မြှောက်ရတယ်။ ဒီလိုပဲ ရှေ့ဘယ်ဘက် ခြေထောက်မြှောက်ရင်လည်း… နောက် ညာဘက်ခြေထောက်မြှောက်ရတယ်။ ရှေ့ဘယ်နဲ့ နောက်ညာ၊ အတင်အချ အချိုးညီရတယ်။ ဒါမှ လှပေတော့မပေါ့”
“ဪ…”
“အုန်းပွဲ၊ ငှက်ပျောပွဲကို မနေတဲ့ နတ်ကတော်ရုပ် ထွက်လာရင် နတ်ဆိုင်း တီးရတယ်။ မြူးမြူးကြွကြွ တီးတယ်။ သွက်သွက်လက်လက် တီးတယ်။ အရုပ်ကလေးကလည်း မြူးမြူးကြွကြွ ကတယ်။ သွက်သွက်လက်လက် ကတယ်။ ဒါမှ ရုပ်သေးပွဲကို လာကြည့်ကြတဲ့သူတွေမှာ ပျော်ပေတော့မပေါ့။ ကျေနပ်တော့မပေါ့”
“ဪ…”
“မင်းသားနဲ့ မင်းသမီးအရုပ် ထွက်လာပြီဆိုရင်တော့ နှစ်ပါးသွားမြိုင်ထ တီးတယ်။ ‘ဟိုတောင်ဆီရယ်က… ညိုတိုတိုရယ်၊
ညိုတိုတိုရယ်…။ မောင်ထမ်းလို့ခေါ်မယ်’ …တို့၊ ဘာတို့ပေါ့။ ချစ်သူမင်းသမီးအရုပ်ကလေးကို ချစ်သူမင်းသား အရုပ်ကလေးက ချော့တယ်။ သီချင်းဆိုပြတယ်။ အပြိုင်အဆိုင်ကတယ်။ ဘယ်လောက် ကြည်နူးစရာကောင်းသလဲ”
“ဪ…”
နဏ သေသေချာချာ နားထောင်နေသည်။
“သူ့အရုပ်တွေမှာ သူ့စည်း၊ သူ့ကမ်း၊ သူ့သဘာဝ၊ သူ့အရုပ်၊ သူ့အလုပ် ရှိတယ်”
“သူ့အရုပ် သူ့အလုပ်ဆိုတာ ဘာလဲဗျ”
မေးခွန်းတွေက တစ်ဆင့်ပြီးတစ်ဆင့် တိုးလာပြန်သည်။
“ဘီလူးအရုပ်က ဘီလူးအက ကတာဟာ ဘီလူးအလုပ်ပဲ။ မြင်းအရုပ်က မြင်းအက ကတာဟာ မြင်းအလုပ်ပဲ။ မျောက်အရုပ်က မျောက်အက ကတာဟာ မျောက်အလုပ်ပဲ။ ဇော်ဂျီအရုပ်က ဇော်အက ကတာဟာ ဇော်ဂျီအလုပ်ပဲ။ နတ်အရုပ်က နတ်အက ကတာ၊ မင်းသမီးအရုပ်က မင်းသမီးအက ကတာ၊ မင်းသားအရုပ်က မင်းသားအက ကတာ။ သူ့အရုပ်နဲ့ သူ့အလုပ်…”
“ဪ…”
“သူ့အရုပ်က သူ့အလုပ်ကို သူလုပ်မှ ကြည့်ကောင်းတာ။ တန်ဖိုးရှိတာ”
“ဒါဆို…။ သူ့အရုပ်က သူ့အလုပ် သူ မလုပ်ဘူးဆိုရင်ရော”
“တန်ဖိုးကျသွားမှာပေါ့။ တန်ဖိုးမဲ့သွားမှာပေါ့။ ဘီလူးအရုပ်ဆိုရင် ဘီလူးဝတ်စုံ၊ ဇော်ဂျီအရုပ်ဆိုရင် ဇော်ဂျီဝတ်စုံ၊ မင်းသား မင်းသမီးအရုပ်ဆိုရင် မင်းသားမင်းသမီးဝတ်စုံ…။ သူ့ယူနီဖောင်းနဲ့သူ။ ပွဲကြည့်သူက မြင်လိုက်တာနဲ့ အရုပ်တွေရဲ့စရိုက်ကို တန်းပြီး သိကြတယ်။ မင်းက ငယ်သေးလို့ မသိတာ”
“ဪ… အရုပ်တွေလည်း ယူနီဖောင်းရှိတယ်နော်”
“ဒါပေါ့…။ မင်းတို့ကျောင်းဝတ်စုံလိုပေါ့။ ရုပ်သေးလေးတွေကတော့ ဘယ်ကတတ်ရှာမလဲ။ ရုပ်သေးကြိုးဆွဲပညာရှင်တွေနဲ့ ဆိုင်းဆရာတွေက သူ့အရုပ်၊ သူ့အလုပ်၊ သူ့တီးကွက်၊ သူ့ကကွက်နဲ့ ကြိုးဆွဲဖန်တီးပေးနေကြတာ”
ထိုညက နဏ ၏ အမေးစကားများကြောင့် ရုပ်သေးပွဲကို အာရုံကောင်းကောင်းမရခဲ့…။
(နှစ်)
ရုပ်သေးပွဲက အပြန်…။ မေးခွန်းတွေက မကုန်နိုင်သေး။
“ဇော်ဂျီက ဘာလို့ ဆေးကြိတ်တာလဲဟင်…”
“ရောဂါသည်တွေ၊ မကျန်းမမာဖြစ်နေသူတွေ၊ နေမကောင်းဖြစ်နေသူတွေကို ဆေးကုသပေးချင်လို့”
“ဒါဆိုရင် ဇော်ဂျီလေးက ချစ်စရာကောင်းတယ်”
“ဘာကြောင့်လဲကွဲ့”
“လူတွေကို ကူညီလို့”
“အေး… ဟုတ်တယ်”
“ပြီးတော့ ဇော်ဂျီနဲ့အင်္ကျီက အနီရောင်လေးနော်။ လှလိုက်တာ။ ဘီလူးအရုပ်တွေလို ရန်လည်း မဖြစ်ကြဘူးနော်”
“ဟုတ်ပါ့ဗျာ”
“သားသားက ဘီလူးအရုပ်တွေကို မချစ်ဘူး။ မုန်းတယ်”
“ဘာလို့လဲကွဲ့”
“လက်ထဲမှာလည်း သန်လျက်ကြီးနဲ့။ ပြုံးလည်း မပြုံးကြဘူး။ ပါးစပ်မှာလည်း အစွယ်ကြီးတွေနဲ့။ ပြီးတော့ ဒေါသမျက်နှာကြီး နဲ့။ တစ်ယောက်ကိုတစ်ယောက် ညစ်ပတ်ကောက်ကျစ်နေကြတာ။ အနိုင်ယူနေကြတာ။ ဗိုလ်ကျနေကြတာ။ ရန်ဖြစ်နေ ကြတာ”
(သုံး)
နဏ မေးသမျှထဲတွင် ကိုပေါ်ဦး မဖြေနိုင်ခဲ့တာတွေ ရှိသည်။ ထိုမေးခွန်းမှာ…။
“ဘုရင်တွေကိုင်တဲ့ သန်လျက်ကို  ဘီလူးဖြစ်ပြီး ဘာကြောင့်ကိုင်ရတာလဲ။ ဘီလူးအရုပ်တွေရဲ့ အင်္ကျီအရောင်ကို ဘာဖြစ်လို့ အခြားအရောင်တွေ ပေးမဝတ်ဘဲ အစိမ်းရောင်ထားရတာလဲ”
ဦးဘုန်း၊ဓာတု၊

1 thought on “သူ့အရုပ် သူ့အလုပ်(ဝတ္ထုတို)၊ စာရေးဆရာ ဉီးဘုန်း-ဓာတု

  1. ကောင်းလိုက်တာ ဆရာဘုန်းရာ။ အစိမ်း​ရောင် ဘီလူး,သန်လျက်ကိုင်တဲ့ ဘီလူး , နဏ မုန်းတဲ့ ဘီလူး,
    ကျွန်တော့် စိတ် ထဲမှာ နိမိတ်ပြ ပုံ​တွေပဲမြင်မိတယ်။ ဆရာက မြန်မာ့ နိုင်ငံရေး ကို နဏ ရဲ့ အ​ပြော တွေနဲ့ ပါး ပါးလေး ဝေဖန်ပြသွားတာ အလွန်လှပါတယ်ဗျာ၊

Leave comment

Your email address will not be published. Required fields are marked with *.