မမေ့တဲ့အိမ် (ကဗျာ)၊ ကဗျာဆရာမ ဝသုန္ဓရေ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ ဝသုန္ဓရေ၏ မမေ့တဲ့အိမ်း ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။

မမေ့တဲ့အိမ်
………………..


ဟိုတုန်းက
တို့အိမ်အိုလေးထဲမှာ အကြိမ်ကြိမ် လသာခဲ့ဖူးတယ်
ထွင်းအိုးမယ်ဒလင်ကြီးကို အဖေအသံစမ်းတဲ့အခါ
အမေက စည်းဝါးအဆင်သင့်
မောင်နှမတွေအလှည့်ကျ သီချင်းတွေဆိုရင်း
လက်ခုပ်သံတွေကြား
ငါနဲ့ ငါ့ညီမလေး ကွေးနေအောင် ကခဲ့ကြဖူးတယ်။

တကယ်တော့
ငါ့အဖေဟာ ယုံကြည်ချက်တွ မယုံကြည်တော့လို့
အမှောင်က အလင်းထဲပြန်လာခဲ့သူပါ
သံသယသားကောင် ဘဝဝပ်ကျင်းထဲ
ခဏ ခဏ ဆွဲထုတ်ခံရတဲ့အခါ
နာကြည်းခဲ့ရသမျှ ဒဏ်ရာတွေ
စည်းဝါးမဲ့နံရံတွေအဖြစ် ဖောက်ခွဲခြင်းခံရ
ငါတို့မောင်နှမတွေ စိတ်ဒဏ်ရာဗရပွနဲ့
အိမ်အိုလေးထဲမှာ ရောင်ကိုင်းစွာ ဖူးပွင့်ခဲ့ကြပေါ့။

အိမ်ပြေးဘဝနဲ့ လေလွင့်ခဲ့ ငါ့အစ်ကို
သာသနာ့အရိပ်ခိုမိလို့ တော်သေးရဲ့
စိတ်ခွန်အားမဲ့တဲ့ မောင်အကြီးဟာ
သူ့မိသားစုအပေါ် သံသရာတစ်ပတ်လည်စေခဲ့
အရာရာ နိုးကြားတက်ကြွစိတ်ပြင်းတဲ့
ငါ့မောင်အလတ်
မယုံနိုင်စရာ မထုံတက်တေးအေးစက်စက်နဲ့
ပစ်ချရာဘဝမှာ ပျော်ဝင်နေခဲ့
ငွေကြေးကို လောဘတကြီးရှာဖွေခဲ့ မောင်အငယ်
ရောဂါတစ်ခုကို ရင်ဝယ်ပိုက်ခဲ့ရပြီ
ညီမလေးရေ နင်နဲ့ ငါကတော့
ငါနေဝင်ရင် နင်နေထွက်တဲ့ဘဝ
အဆင်ပြေပါစေလို့သာ ဆုတောင်းနေခဲ့ရပေါ့
စာအုပ်တွေရဲ့ ဆယ်တင်ခြင်းခံခဲ့ရ ငါကတော့
ဒုက္ခကို အရောင်အမျိုးမျိုးဆိုးရင်း
ဒီနေ့ထက်ထိ ကြံ့ခိုင်ချင်ယောင်ဆောင်ပြီး
တမြည့်မြည့်ကျွမ်းလောင်နေတုန်း
တစ်နေ့နေ့
တစ်နေ့နေ့မှာ
ကကြိုးပျောက် လရောင်ရှာရအောင်
မျက်ရည်ဖြိုင်ဖြိုင်ကျရင်း
ငါတို့မောင်နှမတွေ
ငါတို့အိမ်အိုလေးဆီ  ။    ။


ဝသုန္ဓရေ

Leave comment

Your email address will not be published. Required fields are marked with *.