အဖြူရောင်စိတ်ကူးစားတော်ကဲ(ဝတ္ထုတို)၊ စာရေးဆရာ ညီပုလေး

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ ညီပုလေး၏ အဖြူရောင်စိတ်ကူးစားတော်ကဲ ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ထိန်လင်းက ရေးဆွဲပါသည်။

အဖြူရောင်စိတ်ကူးစားတော်ကဲ
– ညီပုလေး –

ဇာခြင်ထောင်ကြီး
ဘယ်လောက်ကြီး
ဟောဒီလောက်လောက်ကြီး
ဇာခြင်ထောင်လေး
ဘယ်လောက်သေး
ဟောဒီလောက်လောက်သေး
ငါ့ရောင်းပါကွယ်
မေမေဆိုလိမ့်မယ်
မေမေဆိုရင် ငါ့ဆီပြေးခဲ့
ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ
ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ
ကိုလူညိုရဲ့အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ ဆယ်စုနှစ်တွေဟာ ကလေးဘဝက ကစားခဲ့ရတဲ့ “ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ” အတိုင်း ကျယ်တဲ့ကာလ ကျယ်ပြီး ကျဉ်းချင်တဲ့အခါ ကျဉ်းကျဉ်းကျပ်ကျပ် နေခဲ့ရတယ်။အဆောင်သာမက တိုက်ထဲမှာ ကျယ်တစ်ခါ၊ ကျဉ်းနှစ်လှည့် နေခဲ့ရတယ်။ ကျယ်တယ်ဆိုတာ… ငြိမ်ဝပ်ပိပြားနေအောင် အတင်းဖိထားတဲ့ ထောင်ဥပဒေထဲမှာပဲ နည်းနည်းပါးပါး ချောင်ချောင်ချိချိနေရတာဖြစ်ပြီး ကျဉ်းပြီဟေ့ ဆိုရင် တစ်နေ့မှ ၁၀ မိနစ်လောက် ရေချိုးဆင်းရတဲ့ကာလတွေကို ဆိုလိုတာပါ။ကျန်တဲ့ ၂၃ နာရီ မိနစ် ၅၀ တော့ ရှစ်ပေ ဆယ်ပေခန်းထဲ ဂူအောင်းကျင့်စဉ်ကျင့်ခဲ့ရတယ်။ ကျဉ်းတယ်၊ ကျယ်တယ် ဆိုတာလည်း အုပ်စိုးသူများရဲ့စိတ်ရူးစိတ်ရမ်းအတိုင်း စီရင်ကြတာလေ။ မြန်မာ့နိုင်ငံရေးရာသီဥတုနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဖိအားတွေလည်း ပါတာပေါ့။တိုက်ထဲမှာ ဆေးကျောင်းသားဟောင်း၊ တက္ကသိုလ်ကျောင်းသား ဗကသ၊ တက္ကသိုလ်ကျောင်းသား မကသ၊ သန်လျင် ရေနံချက်စက်ရုံဗုံးခွဲမှုနဲ့စွဲချက်တင်ခံရသူ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ ကျောင်းသားတပ်မတော်က ရဲဘော်၊ ညောင်လေးပင်သား၊ စလင်းသား၊ စက်မှုတက္ကသိုလ်ကျောင်းသား၊ အလုပ်သမားသမဂ္ဂတစ်ခုက ပုဂ္ဂိုလ်တွေနဲ့ ကိုလူညို အကျဉ်းအတူတူစံခဲ့ရတယ်။ ၈၈ အရေးတော်ပုံတပ်သားတွေနဲ့ ဒီမိုကရေစီမြတ်နိုးသူတွေပေါ့။ထောင်ဝင်စာလာရတဲ့သူကို ကိုယ်ရောစိတ်ပါဒုက္ခဆင်းရဲအောင် မြစ်ဧရာရဲ့အနောက်ဘက်ကမ်းက မြင်းခေါင်း တံဆိပ်ကပ်ထားတဲ့မြို့မှာ အကျဉ်းစံနေကြသူတွေ။ ဒိပြင်တိုက်က ရဲဘော်တွေ၊ အဆောင်က ရဲဘော်တွေရဲ့ ပေးစာကမ်း စာတွေကို ဘဝတူတွေဝေမျှစားကြရင်း နှစ်ကာလတွေ ဆွဲဆုတ်ကျော်လွှားခဲ့ကြရတယ်။ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ မြန်မာ့နိုင်ငံရေးအခြေအနေတွေ ဘယ်လိုမှန်း မသိနိုင်တဲ့အရပ်မှာ ကျယ်ကျယ်လွင့်လွင့်နေရရင် ကိုလူညိုတို့ တိုက်ခန်းရှေ့ မြေကွက်လပ်မှာ ဘောလုံးကန်ကြတယ်။ တကယ့်ဘောလုံးတော့ ဘယ်ဟုတ်မလဲ။ ရော်ဘာဖိနပ် အစုတ်အပြတ်တွေနဲ့ ကြွပ်ကြွပ်အိတ်နဲ့ လုံးထွေးရစ်ပြီး ဆာလာအိတ်စုတ်နဲ့ ပတ်ချုပ်ထားတဲ့ ခပ်လုံးလုံးပစ္စည်းတစ်ခုကို ဘောလုံးလုပ်ကန်ကြတာ။ ကိုလူညိုတို့၊ ကိုဗကသတို့၊ ကိုစက်မှုတို့ဘက်က နိုင်လေ့ရှိတယ်။ အဲဒီလိုဘောလုံးကို အာရုံစိုက် ကစားနေရင် တစ်ခါတလေ ကိုယ့်ကိုယ်ကို အကျဉ်းစံတစ်ယောက်ဆိုတာ ခဏမေ့နေပြန်ရော။ စားတော့ ပုံစံဟင်း၊ ပုံစံထမင်း၊ သွင်းလိုက်တဲ့ဂိုးတွေက တဒိုင်းဒိုင်း၊ တိုက်လှေကားထစ်တွေ ကာထားတဲ့နံရံတွေကို ကာတင်ရိုက်ပြီး ဘောလုံးကို သယ်သွားရတာ၊ တစ်ဖက်လူကို လိမ်ပတ်ရတာ ပျော်စရာပဲ။မနက် ပဲဟင်းနဲ့ ငါးပိ၊ ညနေ တာလာပေါနဲ့ ငါးပိကျွေးတဲ့ ထောင်ထဲမှာ ကိုလူညိုတို့ အသက်ရှင်လျက်နဲ့ အပြင်ကို ပြန်ထွက်နိုင်ပြီး တော်လှန်ရေးတွေ ဆက်လုပ်နိုင်ဖို့ မိမိကိုယ်မိမိ ကျန်းမာရှင်သန်အောင် နေ့တိုင်း တိုက်ပွဲဆင်ရတယ်။ အကျယ်နေခွင့်ရရင် ထမင်းကို ခင်ရာမင်ရာ သံယောဇဉ်ပိုရာ အခန်းတစ်ခန်းထဲ ဝင်ပြီး ထမင်းလက်ဆုံစားကြတယ်။ကိုလူညိုတို့ တိုက်ထဲကလူတွေ ထောင်ဝင်စာ မလာတာကြာနေပြီ။ အပြင်မှာ ကျန်ရစ်ခဲ့တဲ့မိဘတွေ၊ ဇနီးသည်တွေ၊ သားသမီးတွေနဲ့ ဘယ်လိုရုန်းကန်ပြီး ဘဝတိုက်ပွဲဝင်နေကြသလဲ သူတို့ကောင်းကောင်း သိကြတယ်။ မမျှော်ကောင်းတဲ့ ထောင်ဝင်စာထုပ်ကို သူတို့မမျှော်ကြဘူး။ အိမ်ဦးနတ်မရှိတဲ့ မိသားစုတွေ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲ ပင်ပန်းဆင်းရဲကြတာ အမှန်ပဲလေ။ထမင်းဘုတ်က လာဝေတဲ့ ထမင်းတစ်ပုံစံစီ၊ ပဲဟင်းတစ်ခွက်စီထည့်ကာ သူ့ရဲဘော်တွေ ကိုလူညို့အခန်းထဲ ဝိုင်းဖွဲ့ ထမင်းစားကြတယ်။ တစ်ခါတလေ ကိုထိန့်အခန်းထဲ။ တစ်ခါတစ်ရံ နိုင်လွင့်အခန်းထဲ။ မိလ္လာဘုတ်က လူငယ်လေးတွေ၊ ထမင်းဘုတ်က လူငယ်လေးတွေဆီက တိုက်တွေ အဆောင်တွေအနှံ့ ရောက်ကြသူမို့ အမျိုးမျိုးတင်းကျပ်ထားတဲ့ကြားက နိုင်ငံရေးသတင်း၊ လူမှုရေးသတင်းတွေ ကြားရတတ်တယ်။ နိုင်ငံရေးသတင်းအများစုကတော့ မတိမကျ မမှန်မကန်တာ များ တတ်ပြီး။ တစ်ယောက်ကပြော နားနဲ့မှတ်ခဲ့ပြီး၊ ပါးစပ်နဲ့ ပြန်ပြောကြရတာကိုပဲ နိုင်ငံရေးအခံ၊ ပညာအခံနည်းရင် နည်းသလို အလွဲနဲ့အမှားတွေ ပါတတ်တယ်။တစ်ခါတလေ လွတ်ကြောင် (ထောင်နှစ်ကြီးတွေချထားလို့ ထောင်ထဲက လွတ်ချင်ဇောနဲ့ ယုတ္တိတန်၏၊ မတန်၏ မစဉ်းစား မဆင်ခြင်ဘဲ ပြောတဲ့) သတင်းတွေလည်း အတောင်ပံမပါဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်တယ်။“အမေ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်တဲ့။ ‘သူ့ကို နေအိမ်အကျယ်ချုပ်က မလွှတ်ဘဲ ထားရင်ထားပါ။ ကျန်တဲ့ထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေကိုတော့ အမြန်လွှတ်ပေးပါ’တဲ့”ဆိုတာမျိုးတွေ။ဘယ်သူ့ကိုပြောတာလဲ၊ ဘယ်က ကြားတာလဲဆိုတော့ ဘီဘီစီကို ပြောသလိုလို၊ ဗွီအိုအေကပဲ အသံလွှင့်သလိုလို၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ စာရေးတာလိုလို၊ လောင်ကြွတ်သတင်းတွေ ဂျော်ထွန်းက ထမင်းစားရင်း ပြောတတ်တယ်။ဟင်းမရှိတော့လည်း သတင်းကို နယ်ဖတ်ပြီး ဟင်းလုပ်စားခဲ့ကြတဲ့ ထမင်းနပ်တွေလည်း များလှပြီ။ ကြားတဲ့သတင်းကို ငြင်းရင်းခုံရင်း တစ်နေ့တော့-“ဗကသ”က စကားစ တယ်။
“ကဲ- ရဲဘော်တို့ မိတ်ဆွေတို့ အခုချိန်မှာ ဘာဟင်းလေးနဲ့များ ထမင်းစားရရင် ထမင်းမြိန်မလဲ။ အစားချင်ဆုံး ဟင်းတစ်ခွက်ပြောဗျာ”
လို့ အစချီတော့-တေးရေးဆရာက သူစားချင်တဲ့ ဟင်းလေးတစ်ခွက် ပြောလိုက်တယ်။“ကျွန်တော်တော့ မန်ကျည်းသီးထောင်းလေး အာသီသရှိနေတာ၊ ဒီအချိန် ဆိုရင် ကျွန်တော်တို့ဘက်မှာ (ရွှေဘိုနယ်) မန်ကျည်းသီးတွေ စသီးနေပြီဗျ”“ခင်ဗျား မန်ကျည်းသီးထောင်း တတ်လို့လား”“ထောင်းတတ်တယ်၊ ကျွန်တော် ထောင်းတဲ့ မန်ကျည်းသီးစိမ်းထောင်း တစ်မိသားစုလုံး ထမင်းမြိန်ကြတယ်။ ခင်ဗျားတို့ကို ကျွန်တော်ဖိတ်ပြီး ကျွေးချင်သေးတယ်”တာလာပေါဟင်း တစ်ကျိုက်သောက်လိုက်၊ ပုံစံငါးပိတစ်တို့ တို့လိုက် တေးရေးဆရာပြောပြတဲ့ မန်ကျည်းသီးစိမ်းထောင်းကို စိတ်ကူးထဲမှာ အာရုံပြုပြီး ညစာကို မျိုချလိုက်ကြတယ်။ ကိုလူညိုက ခံစားအားကောင်းလို့ စိတ်ကူးပုံဖော်တာ သန်လို့ပဲလားမသိ၊ ညောင်လေးပင်ပန်းကန်ထဲ ကျန်နေတဲ့ထမင်းလေး ၃-၄ ဇွန်း သူထည့်ပြီးစားလိုက်တယ်။“ကဲ- ပြောပါဦးဗျာ ဘယ်လိုထောင်းရသလဲ”“မန်ကျည်းသီးစိမ်းက မဝယ်ရဘူး။ အိမ်နံဘေး အဒေါ့်ခြံထဲမှာ မန်ကျည်းပင်တွေ ရှိတယ်။ အဲဒီသွားပြီး ဆွတ်။ ရလာတဲ့မန်ကျည်းသီးတွေ ရေဆေးပြီး စစ်ထားလိုက်တာ။ အစပ်ကြိုက်တော့ ငရုတ်သီးစိမ်းလေး ခုနစ်တောင့် ရှစ်တောင့်လည်း ရေစင်စင်ဆေး စစ်ထားလိုက်တာ။ ပုစွန်ခြောက်လေး နည်းနည်းနဲ့ ငရုတ်သီးကို ညက်နေအောင် ငရုတ်ဆုံထဲမှာ ထောင်းပြီးတော့မှ မန်ကျည်းသီးစိမ်း ထည့်ထောင်းတာ။ ညက်တော့မှ ဆားလေး နည်းနည်းထည့်တယ်။ ဟင်းချိုမှုန့်တော့ ကျွန်တော်တို့ မသုံးဘူး။ ဘယ်ဟင်းမှ မသုံးတာ။ ကြက်သွန်နီကို မခွာခင်မှာ ရေဆေးတယ်။ သန့်ရှင်းတဲ့ဓားနဲ့ ရိပ်ရိပ်လှီးတယ်။ လှီးပြီးသား ကြက်သွန်နီကို ရေမဆေးနဲ့၊ သူ့အာနိသင်တွေ လျော့လိမ့်မယ်”တာလာပေါဆယ်လိုက်၊ ပုံစံငါးပိ တို့ရင်း ထမင်းလုတ်တွေ ဆက်လွေး ကြတယ်။“ကြက်သွန်နီကို မန်ကျည်းသီး ထောင်းထဲထည့်ပြီး ဆီလေးဆမ်းစား ကြတာ၊ မြိန်မှမြိန်”အဲဒီညနေတော့ ကိုလူညိုတို့တစ်သိုက် ဆေးကျောင်းသားဟောင်း တေးရေးဆရာရဲ့ မန်ကျည်းသီးထောင်းနဲ့
ထမင်းမြိန်လိုက်ကြတယ်။နောက်ညနေ ထမင်းစုစားပြန်တော့ ပုံစံထမင်း ပုံစံဟင်းတွေ နယ်ဖတ်ရင်း ဗကသရဲ့အမေးကို စက်မှုကျောင်းသားက ဖြေတယ်။“ကျွန်တော်တို့ စလင်းဘက်တော့ မှိုခြေတံရှည်ဆိုတာကို ကြော်စားကြတဲ့ အရသာ ရဲဘော်တွေကို ကျွေးချင်တာ။ မှိုချည်း မဟုတ်ဘူး။ ကန်စွန်းရွက်လေးနဲ့ ရောကြော်ချိန်မှာ ငရုတ်သီးစိမ်းလေးခြမ်းခွဲ ထည့်လိုက်တယ်။ အမေတို့ကတော့ ဘာမှို ချက်ချက် ဆန်စေ့လေး လေးငါးဆယ်စေ့ ထည့်လေ့ရှိတယ်။ အဆိပ်အတောက်ကင်းတယ်လို့ အယူရှိတာ။ အဲဒီမှိုဟင်းနဲ့ မနေ့က တေးရေးဆရာရဲ့ မန်ကျည်းသီးထောင်းလေးနဲ့ ဘယ်လောက်မြိန်လိုက်မလဲ။ မှိုခြေတံရှည်ဆိုတာ ကျွန်တော်တို့ဆီက မှိုထီးရိုးဆိုတာမျိုး ထင်ပါရဲ့ဗျာ”ကိုလူညို အဲဒီညစာလည်း မြိန်ပြန်ရော။တိုက်တံခါးတွေပိတ်လို့ ကိုယ့်အခန်းကို ပြန်ရောက်တော့ ရေတစ်ခွက်နဲ့ ပလုတ်ကျင်းရင်း ကိုလူညိုဆီ အတွေးတစ်ခု မမျှော်လင့်ဘဲ ရောက်လာတယ်။ တကယ်လို့ ဗကသက သူ့ကို ဘာဟင်းလေးများ စားချင်လဲ၊ ဘယ်လိုချက်ရတာလဲ မေးရင် သူစားချင်တဲ့ ဟင်းတွေက အများကြီး။ ဒါပေမဲ့ ကိုလူညို မီးဖိုချောင်နဲ့ မနီးစပ်ခဲ့ဘူး။ အမေတစ်လှည့်၊ ဇနီးသည်တစ်လှည့် ချက်ကျွေးတာ စားလာတဲ့သူ။ ဘယ့်နှယ် လုပ်ရပါ့။ဒါပေမဲ့ သူ့ရဲ့ပူပင်မှုဟာ ရုတ်တရက် ရပ်တန့်သွားတယ်။ ကိုလူညိုတို့တစ်သိုက်ကို အာဏာပိုင်က ကျယ်ရာက
ကျဉ်းလိုက်ပြန်ရော။ ဒီတော့ အခန်းကျဉ်းထဲ သံတံခါးအောက် ဒန်ပန်းကန် ပြားသွင်းပြီး ပုံစံထမင်း စားကြရပြန်ရော။ ဘောလုံးလည်း မကန်ရတော့သလို အခန်းတစ်ခန်းထဲမှာလည်း စုပြီး မစားရတော့ဘူး။ဒါပေမဲ့ အခန်းထဲတင် တစ်နေ့ ခြေလှမ်းတစ်သောင်း လမ်းလျှောက်တယ်။ ထမင်းတစ်ပုံစံ ပုံမှန်ကုန်ရင် ငါ မသေနိုင်ဘူး။ ဒီလို စိတ်ကိုတင်းတယ်။ ကျန်းမာမှ အလုပ်တွေ ဆက်လုပ်နိုင်မှာ။ တေးရေးဆရာရဲ့ မန်ကျည်းသီးထောင်းလေး အာရုံပြုလိုက်၊
စက်မှုကျောင်းသားရဲ့ မှိုခြေတံရှည်လေး စိတ်ကူးထဲ ဖော်လိုက်၊ ကျောင်းသားတပ်သား ပြောပြတဲ့ ဝါးပိုးမျှစ်သုပ်၊ သန်လျင်သား ပြောတဲ့ ပဲစောင်းလျားသီးသုပ်၊ စလင်းသားပြောတဲ့ အညာကုက္ကိုရွက်သုပ်လေးတွေ ပြန်အာရုံထားရင်း ညောင်းညောင်း ဆာဆာနဲ့ ထမင်းတစ်ပုံစံကို ကြိတ်မှိတ်တွယ်လိုက်တယ်။ဒီလိုကာလမှာ ကိုလူညို စိတ်ကူးထဲကဟင်း မပြောရလေတော့ အကျဉ်းနေရတာ ခပ်ကောင်းကောင်းပဲလို့ အောက်မေ့မိတယ်။ဒါပေမဲ့ ကိုယ်နေချင်သလို နေရတဲ့ အရပ်မှမဟုတ်ဘဲ။ ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုတွေ၊ ပြည်ပအစိုးရနိုင်ငံရေး ပါတီတွေရဲ့ဖိအားက တစ်နေ့တခြား ပြင်းထန်လာတယ်ထင်ပါရဲ့။ တစ်နေ့တော့ ကိုလူညိုတို့ကို ကျယ်စေတဲ့။ ဖြစ်ရပြန်ပြီ။ ဒီတော့လည်း ကိုလူညို ဝှက်ထားတဲ့ဘောလုံးလေး တောင်ယာထဲက ပြန်ဖော်ရတာပေါ့။ ဒါပေမဲ့ အလာကောင်းပေမဲ့ အခါ နှောင်းသွားပြီ။ ဘောလုံးလေးက ဆွေးမြည့်နေပြီ။ ရော်ဘာဖိနပ်အစအနတွေပဲ အကောင်းကျန်တော့တယ်။ ဒီတော့ ဘောလုံးတစ်လုံး အသစ်ထပ်ချုပ်ဖို့ ပြင်ဆင်ရပြန်ရော။ထမင်းကို အခန်းတစ်ခန်းထဲ တိုးဝှေ့စုစားကြတဲ့အကျင့်လည်း ပြန်ကျင့်သုံးတယ်။ ဗကသရဲ့အမေးကို ညောင်လေးပင်သားက ဖြေတယ်။“လယ်ပုစွန်လုံးလေးတွေကို ရေစင်စင်ဆေး၊ မီးအုံးပြီး ဆီးဖြူသီးနဲ့ ထောင်းတာ၊ ငါးပိလေး ဆီးစေ့လောက်စွက်၊ အစပ် ကြိုက်ရင် ငရုတ်သီးလေးပါထည့်၊ ဆီကလေး ဟင်းစားဇွန်းနဲ့ နှစ်ဇွန်းလောက်ဆမ်း၊ ကိုယ့်အဖေတောင် ကိုယ် မမှတ်မိဘူး ဆွေမျိုးမေ့သွားတာ”ညောင်လေးပင်သားရဲ့ဟင်းစပ်ကို စိတ်ကူးဖော်ရင်း ထမင်းပုံစံက အသာလေး ပြောင်ပါလေရော။မျှော်လင့်ထားတဲ့ရက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်မှာ ကိုလူညို စိုးထိတ်နေတယ်။ ဒါပေမဲ့ သူ့အလှည့်ကျမှ မပြောနိုင် မရှိစေရဘူး။ တကယ်လည်း သူ့အလှည့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလေရော။“အဟမ်း… အဟမ်း…၊ ရဲဘော်တွေကို ကျွန်တော် ချက်ကျွေးချင်တာ ဝက်သားရယ်”“ဟုတ်ပြီ”“ပြီးတော့ သရက်သီးရယ်”“အင်း… ဆက်ပါဦး”“နောက်တော့ လက်ဖက်ရယ် ရောချက်ကျွေးချင်တာ”“ဟာ ဘယ်လိုဘယ်လို…”“ခင်ဗျားဟာကလည်း…”“ဝက်သားရယ်၊ သရက်သီးရယ်၊ လက်ဖက်ရယ် ရောချက်မှာ”“ဘယ်ကနေ ဘယ်လိုချက်မှာလဲ ကိုလူညို စားလို့ကောင်းပါ့မလား”“သရက်သီးက အမှည့်လား၊ အစိမ်းလား၊ သရက်သီးခြောက်လားဗျ”ထမင်းဝိုင်းမှာ စကားသံတွေ ဆူညံကုန်တယ်။
”အမှန်ပြောရရင် အိမ်မှာ မီးဖိုချောင်ထဲ တစ်ခါမှ မဝင်ဖူးဘူးဗျ၊ အမေနဲ့မိန်းမ ထမင်းပွဲလက်ရောက် ကျွေးနေကြတာ။”
“အခု ကျွန်တော်ပြောတဲ့ဟင်းက မကောင်းဘဲနေမှာမပူနဲ့၊ ကောင်းပေ့ ဆိုတာတွေချည်း ရောချက်မှာ။ အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်ဆိုတဲ့စာချိုး အားလုံး ကြားဖူးသားနဲ့ဗျာ”
(ပန်းချီထိန်လင်းသို့…)
ညီပုလေး

Leave comment

Your email address will not be published. Required fields are marked with *.