စာအုပ်တိုင်းပြည်မှာ(ရသစာတမ်း)၊ စာရေးဆရာမ စုမီအောင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ စုမီအောင်၏ စာအုပ်တိုင်းပြည်မှာ ရသစာတမ်းကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ လင်းဝဏ္ဏက ရေးဆွဲပါသည်။

စာအုပ်တိုင်းပြည်မှာ
– စုမီအောင် –

စာအုပ်တွေကို ကျွန်မ ချစ်သည်။ သူတို့ကို ဘယ်အရွယ်က စတင်ချစ်တတ်ခဲ့သလဲ… မေးလျှင်တော့ ကျွန်မမှာ တိကျသည့်အဖြေ မရှိပါ။ ဘယ်လိုစာအုပ်မျိုးတွေကို ချစ်သလဲ မေးလာလျှင်တော့ တိကျစွာ ကျွန်မ ပြောနိုင်ပါလိမ့်မည်။ မှန်ရာကို ဝန်ခံရလျှင် လူတိုင်းကို ကျွန်မ မချစ်နိုင်သလို၊ စာအုပ်တိုင်းကိုလည်း မချစ်နိုင်ပါ။ ဘုရားသခင်က လူတိုင်းအပေါ် ချစ်ခြင်းမေတ္တာထားဖို့ ကျွန်မကို အားကြီးစွာ သွန်သင်လျက် ရှိပါသည်။ သို့သော် တချို့သောလူတွေကိုဖြင့် ကျွန်မ ဘယ်လိုမှ ချစ်လို့မရနိုင်ပါ။ ထို့အတူ ကျွန်မ ဘယ်လိုမှ ချစ်လို့မရသည့် စာအုပ်တွေလည်း စာအုပ်လောကမှာ အပုံအပင်ကြီးကို ရှိနေနိုင်ပါသည်။ သို့သော် ထိုစာအုပ်တွေအကြောင်း ကျွန်မ ဘယ်တော့မှ အရေးလုပ် တွေးတောနေလိမ့်မည် မဟုတ်ပါ။ (ရှင်လည်း ချစ်လို့မရသည့်စာအုပ်တွေ အကြောင်း အချိန်ကုန်ခံကာ ခေါင်းထဲထည့် တွေးမနေပါနှင့်)။ ကျွန်မ ယခုပြောပြချင်တာက ကျွန်မ ချစ်သည့် စာအုပ်တွေအကြောင်းပဲ ဖြစ်ပါသည်။
စာအုပ်တွေ…လို့ ပြောလျှင် ကျွန်မလက်နှင့် ကိုယ်တိုင်ကိုယ်ကျ စာလုံးလေးတွေ ရေးသားခဲ့သည့် ကျောင်းမှတ်စု စာအုပ်(ဗလာစာအုပ်)လေးတွေကိုလည်း ချန်လှပ်မရနိုင်ပါ။ ရွယ်တူကျောင်းသားကျောင်းသူတွေကိုင်သည့် စာအုပ်တွေမှာ ထောင့်ချိုးတွေ ကျိုးလန်ခေါက်လျက် အစုတ်လက္ခဏာ ပြနေချိန် ကျွန်မလက်ထဲက စာအုပ်လေးတွေမှာတော့ အဖုံးလေးတွေ သပ်သပ်ရပ်ရပ် ဖုံးကာဖုံးကာနှင့် ပိုလို့တောင် လှနေခဲ့ဖူးပါသည်။ အခုလက်ရှိအချိန်မှာတောင် ကျွန်မမှာ ဗလာစာအုပ်လေးတွေ အများကြီး ရှိနေပါသည်။ (ရှင့်မှာကော လက်ရေး နှင့်ရေးသည့် ဗလာစာအုပ် ရှိပါသလား… ကျွန်မ သိလိုပါသည်)။
နည်းပညာတွေ ဘယ်လောက်မြင့်မားမြင့်မား ဖုန်းထဲ ကွန်ပျူတာထဲမှာ ကျွန်မ၏ကိုယ်ပိုင်အချက်အလက်တွေ ပုံအော မှတ်သား နစ်ကျွံနေထိုင်ဖို့အထိတော့ အီလက်ထရောနစ်စက်ပစ္စည်းတွေအပေါ် အယုံအကြည် မရှိပါ။ စာအုပ်လေးတွေ အသုံးပြုနေရတာကိုပဲ ပျော်မွေ့တတ်သလို ကျွန်မ မှီတင်းနေထိုင်ရာ အသိုက် အဝန်းတွေကိုလည်း စာအုပ်အိမ်၊ စာအုပ်လမ်း၊ စာအုပ်ရပ်ကွက်၊ စာအုပ်ပန်းခြံ၊ စာအုပ်မြို့တော်၊ စာအုပ်တိုင်းပြည်… စသဖြင့် သွားလေရာရာ စာအုပ်တွေကို (အဖိုးအခကြီးကြီး ပေးဝယ်နေစရာ မလိုဘဲ) လူသားတိုင်း လက်လှမ်းမီမီ ဖတ်လို့ရသည့် တိုင်းပြည်နိုင်ငံတော်ကြီး ဖြစ်စေချင်သည်။
ကျွန်မမှာရှိသည့် ဗလာစာအုပ်လေးတွေမှာ… ဖုန်းနံပါတ်တွေ ရေးထားသည့် ဗလာစာအုပ်၊ “စိတ်ကူးပေါ်ရာ အပိုင်းအစ ကမ္ဘာ”လို့ အဖုံးမှာ ခေါင်းစီးတပ်ထားသည့်အတိုင်း တစ်ရေးနိုးချိန်ဖြစ်စေ၊ ဘတ်စ်ကားစီးနေချိန် ဖြစ်စေ၊ လက်ဖက်ရည်ဆိုင် ထိုင်နေချိန်ဖြစ်စေ ရေးချင်ရာ ကောက်ကောက်ရေးနေတတ်သည့် သွားလေရာရာ ကိုယ်နှင့်မကွာ ပါလာတတ်သည့် ဗလာစာအုပ်၊ ကဗျာတွေချည်း သီးသန့် အလှဆုံးလက်ရေးလက်သားနှင့် အချောသပ်ရေးထားသည့် ဗလာစာအုပ်၊ အက်ဆေးဝတ္ထုရေးဖို့ အကြမ်းမှတ်မှတ်ထားလေ့ရှိသည့် ဗလာစာအုပ် (အချောကိုတော့ ကျွန်မဘာသာ ကွန်ပျူတာမှာ ဖြည့်စွက်မွမ်းမံ တည်းဖြတ်ရင်း စာရိုက်ပါသည်)၊ ဒိုင်ယာရီသဘောမျိုး နာကျင်စရာတွေချည်း သီးသန့်အချိန်နာရီ နေ့စွဲနှင့်တကွ တေးမှတ်ထားလေ့ရှိသည့် ဗလာစာအုပ်၊ အင်္ဂလိပ်စာနှင့်ပတ်သက်ပြီး စာလုံးအသစ်အဆန်း အီဒီယမ် ဝါကျအတွဲအစပ် မှတ်သားစရာလေးတွေ သီးသန့်ရေးမှတ်လေ့ရှိသည့် ဗလာစာအုပ်၊ ရငွေ ကုန်ငွေ ငွေကြေးသုံးစွဲမှုတွေ မှတ်လေ့ရှိသည့် ဗလာစာအုပ်ငယ်ငယ်လေးတစ်အုပ်၊ ကျွန်မက စာအုပ်တိုက်တစ်တိုက်မှာ Proof Reader လည်း လုပ်သူမို့ ဖတ်ရပြင်ရသည့် စာမူကြမ်းတွေနှင့်ပတ်သက်ပြီး ခေါင်းစဉ်၊ ကလောင်၊ နေ့စွဲ၊ ရငွေ၊ ပြင်ချက်အနည်းအများ၊ အထူးမှတ်ချက် စသဖြင့် အပြည့်အစုံမှတ်သားသည့် ဗလာစာအုပ်၊ ပြီးတော့ အစာအိမ် ရောဂါ၊ အဆစ်အမြစ်ကိုက်ခဲနာကျင်သည့်ရောဂါတွေနှင့်ပတ်သက်ပြီး ဘယ်နေ့က ဘာဆေးတွေ အရေးပေါ်သောက်ရ၊ ဘယ်နေ့က ဆေးခန်းပြရ စသဖြင့် ခပ်သော့သော့လက်ရေးတွေ တင်းကျမ်းပြည့်နေသည့် ဆေးမှတ်တမ်းဗလာစာအုပ်၊ ပြီးတော့ အစည်းအဝေးတွေတက်ရချိန်မှာ မှတ်သားရသည့် ကတ်ထူဖုံးစာအုပ် (ထိုစာအုပ်ကိုတော့ မြေနီကုန်းရုံးခန်းမှာပဲ ထားပါသည်။ အလုပ်ကိစ္စတွေကို အိမ်သို့ ကျွန်မ ချည်နှောင် သယ်ဆောင်ဖို့ ကျွန်မနှလုံးသားက ခွင့်မပြုပါ)၊ ပြီးတော့ ကျမ်းစာဖတ်သည့်အခါ စိတ်နှလုံးကို တို့ထိ ရိုက်ပုတ်လာတတ်သည့် ကျမ်းချက်လေးတွေ တနင်္ဂနွေဂျပ်ဆင်အမျိုးသမီးအစည်းအဝေးမှာ ပြန်လည်ဝေငှ ပြောပြရန်အလို့ငှာ မှတ်သားလေ့ရှိသည့် ဗလာစာအုပ်စသဖြင့် ဗလာစာအုပ်လေးတွေ အတော်များများ ရှိပါသည်။ သူတို့ကိုတော့ ငယ်ငယ်ကလို အဖုံးလှလှလေးတွေ ဖုံးဖို့မလိုပါ၊ ခုခေတ် ဗလာစာအုပ်တိုင်း အဖုံးလှလှလေးတွေ ပါပြီးဖြစ်သလို ရေစိုလည်းခံ၊ အကြမ်းလည်း ခံပါသည်။ ကျွန်မလက်ရေးဖြင့် ရေးမှတ်လေ့ရှိသည့် သည်ဗလာ စာအုပ်လေးတွေကို ကျွန်မ သိပ်ချစ်ပါသည်။ (ရှင်တို့မှာ သည်လို ချစ်စရာဗလာစာအုပ်လေးတွေ ရှိနေကြောင်းသိရလျှင် ကျွန်မ အဖော်ရကာ ပျော်ရွှင်ဝမ်းမြောက်မှာ သေချာပါသည်)။
နောက် ကျွန်မချစ်သည့်စာအုပ်မှာ ကျွန်မနေ့စဉ်ဖတ်ရှုနေသည့် အနက်ရောင်အဖုံးလေးနှင့် ဓမ္မသစ် ဓမ္မဟောင်း ကမ္ဘာဦးကျမ်းမှစကာ ဗျာဒိတ်ကျမ်းအဆုံး ပါဝင်သည့် ခပ်ထူထူကျမ်းစာအုပ်ပဲဖြစ်သည်။ အရင်ကတော့ ထူထူထဲထဲ ကျွန်မ ကိုယ်ပိုင်ကျမ်းစာအုပ်လေးကို ခရီးတွေထွက်တိုင်း ကျွန်မ သယ်ဆောင်သွားလေ့ရှိပါသည်။ အခုနောက်ပိုင်း စာပေခရီးတွေ ထွက်သည့်အခါ၊ လက်ဆောင်ပေးစရာ စာအုပ်တွေများစွာများစွာ သယ်ဆောင်ရသည့်အခါ ကျမ်းစာအုပ်ကို ထားခဲ့ရတတ်ပါသည်။ နည်းပညာတွေ မြင့်မားလာသည့်အလျောက် ထူထဲလေးလံသည့် ကျမ်းစာအုပ်တွေကိုလည်း ကျွန်မတို့ သယ်သွားဖို့ မလိုတော့ပါ။ လက်တစ်ဝါးစာ ဖုန်းကလေး ဖွင့်လိုက်ရုံနှင့် ကျမ်းစာကျမ်းချက်တွေကို အလွယ်တကူ ဖတ်နိုင်ပါပြီ။ သို့သော် သည်နေရာမှာ ကျွန်မ တွေးမိသည်က ဘုရားကျောင်းမှာ တရားဟောပလ္လငထက်(စင်မြင့်ထက်)မှ ဟောပြောသည့် ဘုန်းတော်ကြီးတွေအတွက်တော့ လက်ကိုင်ဖုန်းဖြင့် ကျမ်းစာဖတ်ခြင်းထက် ကျမ်းစာအုပ်ကိုသာ ဣန္ဒြေရရ ဖွင့်ဖတ်ခြင်းက ပိုသင့်လျော်မှုရှိသည်လို့ ကျွန်မ ထင်ပါသည်။ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်စေဦးတော့ ဘုရားကျောင်းတွေမှာ၊ ဝတ်ပြုအစည်း အဝေးပွဲတွေမှာကတော့ စာအုပ်တွေကို လွှင့်ပစ်လိုက်ဖို့ မဖြစ်နိုင်ပါဘူးလို့ ကျွန်မ ခဏခဏ တွေးတွေးမိသည်မှာ ကြာခဲ့ပါပြီ။ တရားဟောချိန် ဖြစ်စေ၊ Praise And Worship သီချင်းများ သီဆိုချိန်ဖြစ်စေ ကျမ်းစာအုပ်လိုက်၊ သီချင်းစာအုပ်လိုက် ဟန်ကျပန်ကျ ကိုင်တွယ် ရွတ်ဖတ်သီဆိုနေကြသည့် မြင်ကွင်းမျိုးကိုသာ ကျွန်မ မြင်တွေ့ ခံစားလိုလှသည်။ သို့သော် ယခုအခါ ဘုရားကျောင်းတချို့သည် စာအုပ်များကို ရက်ရက်စက်စက် မျက်နှာလွှဲကာ သော့ခတ်စီရင်ပစ်ကြလေပြီ။ နယ်မြို့ကလေးတစ်မြို့က ဘုရားကျောင်းတစ်ခုမှာတော့ ဝတ်ပြုချိန် Hymn စာအုပ်ကို တစ်ယောက်မှ မကိုင်ကြတော့ပါ။ ပရိုဂျက်တာဖြင့် ဘယ်၊ ညာ ပိတ်ကားဝယ် စာသားကြီးကြီးတွေ ဖွင့်ပြထားသည်ကိုသာ အဆင်သင့်မော့ကြည့်လျက် လွယ်လင့်တကူ သီချင်းသီဆိုကြရုံသာ။
ကျွန်မသာ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့်ရှိသည့် ဘာသာရေးအကြီးအကဲတစ်ဦးဖြစ်ခဲ့လျှင် ဘုရားကျောင်းတွေမှာ မိုဘိုင်းဖုန်းအသုံးပြုကာ ကျမ်းချက်ရွတ်ဖတ်ခြင်း၊ ဓမ္မတေးသီကျူးခြင်း၊ တရားဒေသနာဟောပြောခြင်းများကို စည်းမျဉ်း(ဥပဒေ)တစ်ရပ်ထုတ်လျက် အတိအကျ တားမြစ်ပိတ်ပင်မှာ သေချာပါသည်။ တနင်္ဂနွေနေ့ ဘုရား ကျောင်း လာတက်လျှင် ပုဆိုး၊ တိုက်ပုံ၊ ချိတ်လုံချည် ဝတ်ကောင်းစားလှများ ကိုယ်ပေါ်ဆင်ယင်လာဖို့ထက် ကျမ်း စာအုပ်များ ကိုယ်နှင့်မကွာ သယ်ဆောင်လာဖို့ကိုသာ အားထုတ်သင့်ကြောင်း၊ ခန္ဓာရေးရာ အလှထက် ဝိညာဉ် ရေးရာအလှကို တန်ဆာဆင်ဖို့က ပိုအဓိကကျနေကြောင်း… အခု ကျွန်မ တွေးမိသလို တွေးဆမိသူရှိလျှင် ကျွန်မထံ ယခုပင် ဖုန်း (ဝ၉ ၉၆၅ဝ၆၄၅၃၁) ခေါ်ဆိုလိုက်ပါ။ လူကြီးမင်းနှင့် ကျွန်မ မိတ်ဆွေ ဖြစ်လိုပါသည်။ ကြုံကြိုက်တုန်းပြောရလျှင် ကျမ်းစာအုပ်နှင့် အမျိုးအနွယ်လို့ ပြောရမည့် နေ့စဉ်ခွန်အား(Daily Bread)၊ ဝိညာဉ်ရိပ်သာ(Upper Room) စာအုပ်ငယ်လေးများကိုလည်း ကျွန်မ ချစ်ရပါသေးသည်။ သူတို့လေးတွေကတော့ သေးငယ်ပေါ့ပါးလှလို့ သယ်ဆောင်ရ အင်မတန် လွယ်ကူလှပါသည်။ (လောလောဆယ် ရှင့်ကျောပိုးအိတ်ထဲမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ် သုံးလပေါင်း နေ့စဉ်ခွန်အား စာအုပ်ငယ်လေးရှိနေလိမ့်မည်လို့ ကျွန်မ ထင်မိပါသည်။ ရှင်ဟာ ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်ခဲ့မည်ဆိုလျှင်ပေါ့)။
ပြီးတော့ ကဗျာစာအုပ်လေးတွေကို (အပျံစားစာအုပ်ဖြစ်စေ၊ ခပ်နုပ်နုပ်စာအုပ်မွဲမွဲလေးဖြစ်စေ) ကျွန်မ အင်မတန် ချစ်သည်။ လက်ဆောင်ပေးမည့်သူမရှိလည်း ကျွန်မ အမြဲ ဝယ်လေ့ရှိပါသည်။ ဝယ်ယူသည့်နေရာမှာ ကလောင်အစွဲမထားဘဲ စာအုပ်ဆိုင်တွေမှာ လှန်လှောဖတ်ကြည့်ကာ ကျွန်မ စိတ်နှလုံးကို တို့ထိလာသော ကဗျာစာသားများ ခပ်များများ ပါတာတွေ့လျှင် ဝယ်ယူလေ့ရှိပါသည်။ ခမ်းနားသော ဟိုတယ်နှင့် ဆိုင်ကြီးဆိုင်ကောင်းတွေမှာ ကော့တေးလ်ည၊ ဝိုင်ညနေခင်းတွေ လုပ်မည့်အစား ကဗျာည၊ ကဗျာညနေခင်း တွေသာ ခင်းကျင်းစေလိုသည်မှာ ကျွန်မ ဆန္ဒဖြစ်သည်။ မီးရထားတစ်စင်းပြေးဆွဲတိုင်း ပြေးဆွဲတိုင်းမှာ ကဗျာတွဲ တစ်တွဲ တစ်တွဲတော့ သီးသန့်ပါစေချင်သည်။ ထိုတွဲပေါ်မှာ ကဗျာစာအုပ်တွေ ထားစေချင်သည်။ ဘတ်စ်ကား ဖြစ်ဖြစပေါ့။ ပြီးလျှင် လူစည်ကားရာမြို့တော်ရဲ့ပန်းခြံ၊ ခုံးတံတား အောက်ခြေလို ဖြတ်သွားဖြတ်လာ နေရာမျိုးတွေမှာ Poetry Corner တွေ ဖွင့်လှစ်ထားချင်လှသည်။ ဘယ်သူမဆို စာအုပ်တွေကို ဦးစွာမြည်းစမ်း ထိုင်ဖတ်ကြည့်နိုင်၊ စိတ်ကြိုက်ဝယ်ယူကာ မိမိဝယ်ယူထားသည့်စာအုပ်ကို ပူပူနွေးနွေးလက်ထဲကိုင်ကာ အသံထွက်ရွတ်ဖတ်နိုင်သည့် Open Mic အခင်းအကျင်းမျိုးလည်း ရှိစေချင်သည်။ အလှူခံမဏ္ဏပ်တွေဆီက ဆူညံညံဒီဂျေသီချင်းသံတွေ နားကွဲမတတ်ကြားနေရမည့်အစား ကဗျာရွတ်ဖတ်သံလေးတွေ ဝေစည်နေခဲ့လျှင် ဘယ်လောက်များ နေချင့်စဖွယ်မြို့တော် ဖြစ်လိုက်မလဲ…လို့ ကျွန်မ တွေးမိသလို ရှင့်ကိုလည်း တွေးမိစေချင်သည်က ကျွန်မဆန္ဒ အရင်းခံပဲ ဖြစ်ပါသည်။
နောက်ထပ် ကျွန်မ ချစ်တာက မဂ္ဂဇင်းစာအုပ်တွေပဲ ဖြစ်သည်။ မရှိတော့သည့် မဂ္ဂဇင်းစာအုပ်တွေလို့ပဲ ခြုံပြောရ တော့မည်ထင်ပါသည်။ ဟန်သစ်၊ မြားနတ်မောင်၊ ချယ်ရီ၊ စံပယ်ဖြူ၊ လုံမလေး၊ အပျိုစင်… တချို့ဆို နာမည်တောင် အစဖော်မရ… မေ့ကုန်ခဲ့ရပါပြီ။ သေသောသူ ကြာလျှင်မေ့ ဆိုသလို… သေသွားတဲ့ မဂ္ဂဇင်းလေးတွေမို့ အမည်နာမ တောင် စဉ်းစားမရတော့ပြီလား…။ မဂ္ဂဇင်းတွေဆီ အောက်မေ့သတိရစိတ်က ထုထည်ကြီးမားသည်၊ နက်ရှိုင်း သည်။ ဟိုတုန်းက မဂ္ဂဇင်းပုံစံမျိုးနှင့် ဆင်တူသည့် ကျေးရွှေတမာ မဂ္ဂဇင်းမှာ ကျွန်မ ကဗျာပါလို့ သွားထုတ်ခဲ့ရ တုန်းက နံရံအကာအရံမရှိ စားပွဲတစ်ခုံစာနေရာလေးက အိမ်အပြန်လမ်းတစ်လျှောက် ကျွန်မမျက်လုံးထဲ ထုတ်ပယ်မရ ကပ်ငြိပါလာခဲ့ဖူးသည်။
“အို… အဲဒီနေရာတစ်ခုလုံး မြေညီထပ်နဲ့ ပထမထပ်တွေမှာ ကျေးရွှေတမာလိုမျိုး မဂ္ဂဇင်းတိုက်ပိစိလေးတွေ အုံနဲ့ ကျင်းနဲ့ ဝန်းရံလိုက်ရရင် ဘယ်လောက်ကောင်းမလဲ။ ဆက်တီကူရှင် သားရေအိတ်ချုပ်ဆိုင်တွေ၊ အဝတ်အစား အပ်ချုပ်ဆိုင်တွေ၊ အထည်အရောင်းဆိုင်တွေ အကုန်ဖြုတ်သိမ်းပစ်၊ သေသွားတဲ့မဂ္ဂဇင်းတွေ ဒီနေရာမှာ အကုန်ပြန်အသက်သွင်း၊ ယဲ့ယဲ့ကလေး အသက်ဆက်နေတဲ့ မဟေသီလည်း လာခဲ့၊ ဟိုးဘက်ထောင့်က ဟန်သစ်၊ အလယ်မှာ မြားနတ်မောင်၊ အပေါ်ထပ် အလှရိပ်ဖက်ရှင်ဆိုင်နေရာမှာ ချယ်ရီမဂ္ဂဇင်းကို ထား၊ ဘေးဘီအကာအရံ နံရံတွေ မရှိတော့ ပိုတောင်ဟန်ကျသေး၊ ပွင့်လင်းမြင်သာမှုနဲ့ တစ်နေရာက တစ်နေရာ တိုးလျှိုပေါက် လှမ်းကြည့် ပြုံးပြရင်း အယ်ဒီတာတွေက ထိုင်အလုပ်လုပ်ကြ၊ ကွန်ပျူတာစာစီတွေရော၊ ဒီဇိုင်းတွေရော ဒီမှာပဲ ထိုင်ကြ၊ ငါတို့စာရေးဆရာတွေလည်း ဒီတစ်နေရာတည်းမှာပဲ အကုန်စာမူလာပို့ကြ၊ တွေ့ကြဆုံကြ၊ စကားတွေ ဖောင်ဖွဲ့ကြ၊ ပြီး လက်ဖက်ရည်ဆိုင် ထွက်ထိုင်လိုက်ကြ… ဟား… ဒီ ၃၈ စျေးကြီးတစ်ခုလုံး မဂ္ဂဇင်းမြို့တော်ငယ်လေး ဖြစ်သွား ရင် ဘယ်လောက်များ ကောင်းမှာပါလိမ့်…”။ အတွေးတွေက တစ်ညလုံး အိပ်မရနိုင်တော့သည့်အထိ ကျွန်မ၏ ညတွေကို ခြယ်လှယ်သိမ်းပိုက်သွားခဲ့တော့သည်။ မှေးခနဲ အိပ်ပျော်သွားခိုက် အိပ်မက်ထဲ သည်အတွေးက ဆက်ကာ အံ့သြဖွယ် ရက်ဖွဲ့ပြန်တော့သည်။
အိပ်မက်ထဲမှာ ကျွန်မက စာမူသွားပို့ဖို့ အိမ်ကထွက်လာ၊ မာလာမှတ်တိုင်မှာ YBS ထိုင်စောင့်နေခိုက် ကျွန်မရှေ့ တစ်စီးပြီးတစ်စီး ရှေ့ဆင့်နောက်ဆင့် ထိုးဆိုက်လာသည့် အဝါရောင်၊ အနီရောင်၊ အစိမ်းရောင် ဘတ်စ်ကားတွေကို တအံ့တသြ ကြည့်ကာ ဘယ်ကားတက်ရမည် မသိသည့်ကြားက ရင်ဝယ်တလှိုက်လှိုက်ဖြင့် အပျော်စိတ်က မြူးထူးခုန်ပေါက်နေသည်တဲ့။ ဘတ်စ်ကားတွေမှာ နံပါတ်မပါပါ။ အနီရောင်က မဂ္ဂဇင်းမြို့တော်သို့၊ အဝါရောင်က Yangon Poetry Bus, အစိမ်းရောင်က Reading Bus …။ ရေးထားသည့် ဘတ်စ်ကားနာမည်တွေ လိုက်ဖတ်ကာ ကျွန်မ ဘယ်လိုပျော်မှန်းမသိ ဆွေ့ဆွေ့ခုန်ခုန် ပျော်နေမိသည်။ ကားတွေကလည်း မှတ်တိုင်တည့်တည့် သိမ်မွေ့ညင်သာ ရပ်ပေးလာကာ တစ်စီးထွက်သွားမှ နောက်တစ်စီးက ရွေ့ရွေ့ကလေး ရှေ့တိုးလျက် မှတ်တိုင် တည့်တည့် ငြိမ်ဝပ်ကာ ရပ်ပေးနေသည်။ ကျွန်မကိုယ်ကို သုံးကိုယ်ခွဲကာ သုံးစီးစလုံး တက်ကာသာ စီးလိုက် ချင်တော့သည့်အထိ ဗျာများနေသည်။ ပြီးတော့ ဘတ်စ်ကားတွေအကြောင်း ကျွန်မက ဦးဆောင်ကာ ကားမှတ် တိုင်မှာ ထိုင်စောင့်နေသည့် လူတွေကို ရှင်းပြနေလိုက်သေးသည်။
“ဒီအစိုးရတက်မှပဲ ကျွန်မတို့လည်း စာရေးဆရာ၊ ကဗျာဆရာ ဖြစ်ရကျိုးနပ်တော့တာပါပဲ။ အဝါရောင် Poetry Bus က ပိုက်ဆံ မပေးရဘူးရှင့်၊ ကားပေါ်မှာ နံရံကပ်စင်လေးတွေမှာ ကဗျာစာအုပ်တွေ ရှိတယ်၊ ရှင်တို့အားလုံး ကြိုက်တဲ့ စာအုပ်ဆွဲယူ ကဗျာတစ်ပုဒ် ရွတ်နိုင်တယ်၊ ဂစ်တာနဲ့ ပီယာနိုအသံတွေ ရွေးချယ်ဖွင့်ပြီး ဂီတတေးသွား နဲ့အတူ ကဗျာတစ်ပုဒ် ရွတ်ရတယ်။ ဖုန်းထဲက ကဗျာကြည့်မရွတ်ရဘူး၊ ကိုယ့်ကဗျာ ကိုယ် အလွတ်ရွတ် နိုင်နေဦးတော့ လက်တန်းလည်း ရွတ်ခွင့်မပြုဘူး။ ဒါဟာ ဘာလဲဆိုရင်… ကဗျာစာအုပ်လေးကို တမြတ်တနိုး ကိုင်တွယ်ရွတ်ဖတ်တဲ့ခံစားမှုကို ပြည်သူလူထု ရင်ဘတ်ထဲ ထည့်ပေးတာပဲ။ ကဗျာမရွတ်ချင်တဲ့သူဆို သေပြီပေါ့ ရှင်… ပိုက်ဆံပုံးထဲ ဘတ်စ်ကားခ ကျပ် ငါးထောင် ထည့်ရတာ။ ပြီးရင် ရှင်တို့ကဗျာရွတ်ချိန် အလိုအလျောက် ဗီဒီယိုကင်မရာနဲ့ မှတ်တမ်းယူထားပြီး မြို့တော်ရဲ့ပန်းခြံတွေမှာ ဖွင့်ပေးထားတဲ့ Book Corner တွေမှာ လူတိုင်းကြည့်လို့ရအောင် နေ့စဉ်ပြန်ပြီး လွှင့်ထုတ်ပြထားပေးတယ်…။ လူတွေ စာဖတ်ဖို့ ကဗျာခံစားဖို့ တီဗွီကနေ ဇိမ်နဲ့ထိုင် အမိန့်ပေးနေလို့မရဘူးရှင့်၊ ဟောပြောပွဲစင်မြင့်ကနေ လက်သီးလက်မောင်းတန်းပြီး စာဖတ်ကြပါ ကျွန်တော့်လို စာဖတ်ကြပါ ငယ်သံပါအောင် အော်နေလို့လည်း မရဘူး။ လူတွေ စာမဖတ်ကြဘူး၊ ဖတ်ပါတယ်နဲ့ ငြင်းခုံနေစရာလည်း အကြောင်းမရှိဘူး။ ဖတ်ကိုဖတ်မှရမယ့် အခင်းအကျင်းတစ်ခု ဖန်တီးပေးရမှာ မဟုတ်လား…။ ခုလိုမျိုး အခြေခံလူတန်းစားတွေ နိစ္စဓူဝ စီးနင်းကြရတဲ့ ယာဉ်တွေပေါ်ကနေ လက်တွေ့ကျကျ ထိတွေ့ လေ့ကျင့်ပေးရမှာ…”
“အိုး… သိပ်ကောင်းတဲ့ အိုင်ဒီယာပဲ… အစိမ်းရောင်ကရောဗျ”
ကျွန်မမိတ်ဆွေ ကဗျာဆရာ တည်မှီက ဘယ်ကရောက်လာသည်မသိ၊ ကျွန်မရှေ့ အမှတ်တမဲ့လာရပ်ကာ စိတ်ဝင် တစား ဝင်မေးလာသည်။
“အစိမ်းက Reading … နံရံပတ်ပတ်လည် စင်လေးတွေမှာ အဝါရောင်ကားလိုပဲ စာအုပ်တွေအစုံရှိတယ်ရှင့်၊ အဲ အစုံဆိုတာ… ရသစာပေကို ပြောတာ၊ တက်ကျမ်းတွေ ဗေဒင်စာအုပ်တွေ မပါဘူး။ စာအုပ်တစ်အုပ် ငြိမ်ငြိမ်လေး ထိုင်ဖတ်… ဖတ်ရင်း ဆင်းမယ့်မှတ်တိုင်ရောက်ရင် ဖတ်လက်စ ယူသွားလို့ရတယ်။ ဒါပေမဲ့ နောက်တစ်ခါ ပြန်စီးရင် ပြန်ထားပေးရတယ်။ စာအုပ်မဖတ်ရင် စောစောကလိုပဲ ကျပ်ငါးထောင် ထည့်ပေတော့ပဲ…”
“ဖတ်ချင်ယောင်ဆောင်ပြီး အိပ်နေရင်ကောကွ…”
“ထိုင်နေတဲ့ခုံကနေ အချက်ပေးဘဲလ်သံ ဆူညံပေါ်ထွက်လာလိမ့်မယ်”
“တကယ်… ဟီဟိ ကောင်းတယ် ကောင်းတယ်” ဟု မိန်းကလေးတစ်ယောက်က တခစ်ခစ် တဟိဟိ ရယ်ကာ ဝင်ပြောသည်။
“အနီကတော့ ရှင်းပါတယ် ၃၈ လမ်းက မဂ္ဂဇင်းမြို့တော်ဆီ သွားချင်သူတွေအတွက် ကားပေါ်မှာ ရသစာပေ အထူး ဖော်ပြတဲ့ မဂ္ဂဇင်းစာအုပ်တွေချည်းပဲ ထားပေးထားတယ်။ မဂ္ဂဇင်းအယ်ဒီတာတွေရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှု ပုံရိပ်တွေနဲ့ သူတို့ကိုင်တဲ့ မဂ္ဂဇင်းတွေ ဘယ်လိုမူနဲ့သွားတယ်…၊ စာမူ ဘယ်လိုသုံးသပ် ရွေးချယ်၊ ဒီဇိုင်းဘယ်လိုထိုင်၊ ဒမ်မီ ဘယ်လိုချ၊ စာအုပ်ထွက်လာဖို့ ဘယ်လို အဆင့်ဆင့်ဖြတ်သန်း… ဒါတွေသာမက သူ့မိသားစုဘဝမှာ စာအုပ်တွေနဲ့ ဘယ်လိုနေထိုင်၊ သားသမီးတွေကို စာအုပ်ဖတ်ဖို့ ဘယ်လိုလေ့ကျင့်ပေး Hidden Life တွေကို  Documentary Film လေးတွေ ပြပေးထားတယ်။ တစ်ခါ ကျွန်မကြည့်လိုက်ရတဲ့အင်တာဗျူးတစ်ခုမှာဆို အယ်ဒီတာကို သူ့ဇနီးက မီးဖိုချောင် မီနျူးတွေကိုတောင် စာဖတ်နှုန်းနဲ့ ညီမျှခြင်းချပြီး ချက်ပြုတ်ကျွေးတယ်ရှင့်”
“ဟင် ဘယ်လို… ဘယ်လို”
“သူတို့အိမ်မှာ မိသားစု မနက်စာစားချိန်မှာ ရသစာတစ်ပုဒ်၊ ကဗျာတစ်ပုဒ် တိတိကျကျ ဖတ်ထားပြီးတဲ့ သူကိုသာ အရသာရှိတဲ့ နေ့လယ်စာ ညစာ ဟင်းအပျံစားတွေ စားခွင့်ပြုသတဲ့၊ စာအုပ်မဖတ်တဲ့သူဆို ထမင်းချည်းပဲ စားရ သတဲ့”
“ဟား… မိုက်တယ်ကွ”
ကျွန်မအနား ဝိုင်းကာ နားထောင်နေကြသည့် လူတွေဆီက တုံ့ပြန်သံတွေကို နားစွင့်ရင်း “စာအုပ်ဆိုင်တွေမှာသာ စာအုပ်ရရှိနိုင်သည်၊ ပိုက်ဆံပေးဝယ်မှသာ စာအုပ်ဖတ်နိုင်သည်” ဆိုသည့် နယ်နိမိတ်၏အပြင်ဘက်ထိ ကျော်လွန် ဆန့်ထွက်ကာ ကျွန်မ ဖြန့်ကြက်တွေးနေမိသည်။ ကျွန်မမျက်လုံးထဲ စာအုပ်တွေချည်း မြင်လာသည်။ သည်လို တက်စီးလိုက်သည့် ဘတ်စ်ကားပေါ်မှာ၊ ခဏဝင်ထိုင်နားလိုက်သည့် ပန်းခြံထောင့်မှာ၊ ဆာဆာနှင့် ဝင်စားသောက် သည့် စားသောက်ဆိုင်ထဲမှာ၊ အဝေးပြေးလမ်းမပေါ်က Express ကားကြီးတွေပေါ်မှာ၊ အတိုင်းတိုင်း အနယ်နယ် ခုတ်မောင်းနေသည့် မီးရထားအစင်းစင်းပေါ်မှာ… စာအုပ်တွေ… စာအုပ်တွေ… စာအုပ်တွေ… ကျွန်မ မှီတင်းနေ ထိုင်တာ စာအုပ်တိုင်းပြည်မှာပါလား… အိုကွယ် ဂုဏ်ယူစရာကောင်းလှချည့်။
အတွေးနယ်ချဲ့ရင်း သိမ်မွေ့စွာ ထိုးရပ်လာသည့် အနီရောင် ဘတ်စ်ကားပေါ် ကျွန်မ ပြုံးပြုံးကြီး တက်လိုက်သည်။
“ကရန် ကရန် ကရန်…”
နာရီ Alarm သံက အိပ်မက်လေးကို ဖြိုခွဲပစ်လိုက်ပြီ။ သို့သော် ကျွန်မအတွေးတွေက ပြိုကွဲမသွားခဲ့ဘဲ ထူထဲကျပ်ခဲ ကာ ကျွန်မဦးနှောက်ထဲ ခိုကပ်နေတော့သည်။ ကျွန်မအတွေး ကျွန်မအိပ်မက်တွေထဲကလို တကယ်ဖြစ် လိုက်ချင်သည့် စိတ်တွေက အသွေးအသား ရိုးတွင်းခြင်ဆီတွေထဲ တရွရွ တစစ်စစ် ထိုးမွှ ပြေးလွှားနေကြလေပြီ။ ကျွန်မအတွေးက ကလေးဆန်လှသည်ကို ကျွန်မ သိနေပေမဲ့ စောဒကလေး တက်ချင်မိပါသည်။ ဘယ်သူမဆို ကလေးကစားကွင်းထဲ ခုန်ပေါက် ပြေးလွှားဆော့ကစားရာကနေ တစ်နေ့မှာ ကြီးထွား ရင့်သန်လာကြရသည်ပဲ မဟုတ်ပါလား။
(စာအုပ်တိုင်းပြည် တည်ထောင်ဖို့ အတွေးလေးတစ်စ နှစ်စ ရှင်တို့အတွင်းသားထဲမှာလည်း ရှိနေနိုင်သည်လို့ ကျွန်မ ယုံကြည်ထားပါသည်)။
စုမီအောင်

Leave comment

Your email address will not be published. Required fields are marked with *.