နောက်ဆုံးခုံတန်းက သူငယ်ချင်း(ဝတ္ထုတို)၊ စာရေးဆရာ ကောင်းကောင်း(အာခီ)

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ ကောင်းကောင်း(အာခီ)၏ နောက်ဆုံးခုံတန်းက သူငယ်ချင်း ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ဝင်းတင့်က ရေးဆွဲပါသည်။

နောက်ဆုံးခုံတန်းက သူငယ်ချင်း
……………………………………….
ကျွန်တော် ဤအစိုးရအလယ်တန်းကျောင်းသို့ သူငယ်တန်းကတည်းက တက်ခဲ့သော်လည်း သူနှင့် တစ်တန်းမှ မဆုံခဲ့ဖူးပါ။ ကျွန်တော်နှင့်သူ စတင်ဆုံစည်းခဲ့သည်မှာ ဤကျောင်းလေး၏ နောက်ဆုံးစာသင်တန်းဖြစ်သော အဋ္ဌမတန်းရောက်တော့မှ ဖြစ်ပါသည်။ ကျောင်းစစဖွင့်သည့် ရက်တွင် ကျွန်တော် အိပ်ရာထနောက်ကျခဲ့သော ကြောင့် ကျောင်းသို့ နောက်ကျမှ ရောက်သွားခဲ့သည်။ အဋ္ဌမတန်း (ခ) အတန်းသို့ ကျွန်တော် ဝင်သွားလိုက် သောအခါ မည်သူမျှ ထိုင်လေ့မရှိသော နောက်ဆုံးခုံတန်းများတွင်သာ တစ်ယောက်စ နှစ်ယောက်စ လွတ်နေလျက် ရှိပြီး ရှေ့ခုံတန်းများ၌ တစ်နေရာစာမျှ နေရာလွတ်မကျန်တော့ချေ။
သို့သော် ကျွန်တော် လုံးဝစိတ်ကသိကအောက် မဖြစ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ဆရာ စာသင်ရာ ကျောက်သင်ပုန်းနှင့် သိပ်အလှမ်းမဝေးသောကြောင့် စိတ်ကျဉ်းကျပ်သလို ခံစားရမည်ဖြစ်သော ရှေ့ခုံတန်းများ၌ အရင်နှစ်တွေတုန်းကအတိုင်း လုံးဝမထိုင်ဖို့ စိတ်ဆုံးဖြတ်ထားသောကြောင့် ဖြစ်ပါသည်။
အဋ္ဌမတန်း အခန်းများသည် တခြားစာသင်ခန်းများနှင့် မတူဘဲ အခန်းအလယ်၌ ဝင်ပေါက်ဖောက်ထားသော လေးခန်းတွဲအဆောင် ဖြစ်သည်။ ထို့ကြောင့် အခန်းတိုင်း ဝင်ပေါက်နှင့်တည့်တည့် ဟိုဘက်နံရံအဆုံးထိ မည်သည့် စာသင်ခုံမှမရှိဘဲ လျှောက်လမ်းအဖြစ် ချန်ထားသည်။ ထိုအခါ ရှေ့ခုံငါးတန်းသည် အလိုအလျောက် ရှေ့ခုံ တန်းများဖြစ်သွားပြီး နောက်ခုံ ငါးတန်းသည် နောက်ခုံတန်းများ ဖြစ်သွားခဲ့ပါသည်။
ကြွရွလှပသော အနီရောင်နှင်းဆီပန်းတစ်ပွင့်စိုက်ထားသည့် ဖန်ပန်းအိုးတစ်လုံး တင်ထားသော ဆရာထိုင်စားပွဲခုံ အနောက်က ကုလားထိုင်၌ အတန်းပိုင်ဆရာမ ထိုင်နေလျက် ရှိသည်။ လူစာရင်းစာအုပ်ကြည့်၍ နာမည်ခေါ်နေ ခြင်းဖြစ်သည်။ ကျွန်တော့်ကို မြင်သောအခါ လွတ်နေသောနေရာတစ်နေရာ၌ ထိုင်လိုက်ဖို့ အမိန့်ပေးပါသည်။ ထိုအခါ ကျွန်တော် နောက်ခုံငါးတန်းကိုသာ ဝေ့ကြည့်လိုက်၏။ လျှောက်လမ်းနှင့်ကပ်လျက်ရှိသော ခုံတန်း၌ နေရာတစ်နေရာစာ လွတ်နေပါသည်။ သို့သော် မထိုင်ချင်ပါ။ ဆရာများက နောက်ခုံတန်းများကသူများကို စာမေးချင်ပြီဆိုလျှင် ဤခုံတန်းက သူများကို အရင်ဆုံး ဒိန်းခနဲ တန်းမြင်၍ သဘောကျစွာ ရွေးချယ်နိုင်မည့် နေရာမျိုး ဖြစ်သောကြောင့်ပေတည်း။
ထို့ကြောင့် ကျွန်တော်သည် နောက်ဆုံးခုံတန်း၌သာ ထိုင်လိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။ (အလယ်သုံးတန်းလုံး နေရာလွတ် မရှိတော့တာကြောင့်လည်းဖြစ်ပါသည်။) ရင်းနှီးနေသောမျက်နှာများကို ကျော်လျက် နောက်ဆုံးခုံတန်းကို လှမ်းကြည့်လိုက်သောအခါ ကျောင်းသားနှစ်ယောက် ထိုင်နှင့်နေသည်ကို တွေ့ရသည်။
ထိုအခါ တစ်ခါမှမမြင်ခဲ့ဖူးသော တောက်ပသော မျက်လုံးအစုံကို ကျွန်တော် ရင်ဆိုင်လိုက်ရပါသည်။ မျက်လုံးချင်း ဆုံမိလိုက်သော စက္ကန့်ပိုင်းအတွင်း၌ သူ့ဆီမှ ဖော်ရွေသောအပြုံးတစ်ခုကို မြင်တွေ့လိုက်ရသောအခါ ကျွန်တော် ထိုင်လိုက်ရမည့်နေရာမှာ သူ့နံဘေးမှလွဲ၍ တခြားနေရာမဖြစ်နိုင်တော့ကြောင်း သေချာသွားခဲ့သည်။
ကျောင်းတက်၍ ဆရာမမှ လူစစ် သောအခါ ရှေ့တန်း၌ လူတစ်နေရာစာ လွတ်နေသည်ကို မျက်စိနောက်သည် ထင်ပါရဲ့။ တစ်ယောက်ချင်းစီ ရှေ့တက် လိုက်ဖို့ အမိန့်ပေးသည်။ သူနှင့် ကျွန်တော်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် နေရာမရွှေ့ဘဲ နောက်ဆုံးတန်း၌သာ ထိုင်နေခဲ့ကြသဖြင့် တခြားတစ်ယောက်က အလိုက်သိစွာ ရှေ့သို့တစ်တန်း တက်သွားခဲ့ရပါသည်။ ထိုအခါ နောက်ဆုံးခုံတန်း၌ သူနှင့်ကျွန်တော် နှစ်ယောက်တည်းသာ ကျန်ခဲ့ပါတော့သည်။
သူနှင့်ကျွန်တော် တစ်ယောက်နာမည်တစ်ယောက် အပြန်အလှန် မိတ်ဆက်လိုက်ကြပြီးချိန်၌ ငယ်ပေါင်းကြီးဖော် များလို ရင်းနှီးသွားကြလေသည်။ ကျွန်တော်က သူ့ကို မြင်ဖူးသလိုလိုတော့ ရှိပြီး နာမည်လုံးဝမသိသော်လည်း သူကတော့ ကျွန်တော့်ကို သိနေခဲ့သည်။ အကြောင်းမှာ ကျောင်းဘောလုံးအသင်း၌ ကျွန်တော်သည် ဂိုးဖမ်းသမား တစ်ယောက် ဖြစ်သောကြောင့်တည်း။
ခုနစ်တန်းတုန်းက နွေရာသီကျူရှင် ကြိုတက်ထား၍ တီးမိခေါက်မိရှိနေသော စာများကြောင့် အဆင့် သတ်မှတ်ချက် အသင့်အတင့်ကောင်းခဲ့သော ကျွန်တော်သည် အဋ္ဌမတန်းစတက်စဉ်က အစောပိုင်းလများတွင် အားလပ်ချိန်များ၌ စာကောင်းကောင်း မကျက်ဖြစ်ခဲ့ပါ။
ကျောင်းရောက်လျှင် ကျွန်တော့်ဘေးက သူငယ်ချင်းနှင့်ရယ်မောပျော်ရွှင်စွာ စကားပြောလိုက်၊ ဆော့ကစားလိုက်သာ လုပ်ခဲ့သည်။ အိမ်ရောက်လျှင်လည်း ရပ်ကွက်ထဲက အပေါင်းအသင်းတချို့နှင့် ဘောလုံးကန်လိုက်၊ ဆော့ကစားလိုက် လုပ်နေခဲ့ပြီး စာကြိုးစားလိုက်ဖို့ နည်းနည်းလေးမှ စိတ်မဝင်စားခဲ့ချေ။ ထို့ကြောင့် လပတ်စာမေးပွဲ၌ တော်တော်ဆိုးဝါးသောအဆင့်များ ရရှိခဲ့သည်။ ပထမလပတ်က အဆင့် ၂၉။ ဒုတိယလပတ်က အဆင့် ၃ဝ။
အတန်းထဲလူ ၅၆ ယောက်ရှိသည့်အနက် အဆင့် ၃ဝ ရသည်ဟု ဆရာမက ကြေညာလိုက်သည်အထိ ရှက်စရာ ကောင်းသည်ဟု မထင်ခဲ့သော ကျွန်တော်သည် အိမ်ပြန်ရောက်တော့ Report ကတ်ကြည့်ပြီး အဖေ့၏ ဟားတိုက် ရယ်မောသံကြောင့် အောင့်သက်သက် ဖြစ်သွားခဲ့ရပါသည်။
“လူငါးဆယ့်ခြောက်ယောက် ရှိတာ အဆင့်သုံးဆယ်ဆိုတော့ မင်း မရှက်ဘူးလားဟင်။ ဒီမှာ မင်းအစ်ကိုဆို ဘယ်လောက်ရလဲ ကြည့်စမ်း တစ်ကွ တစ်။ သူ့ချီးစားဖို့ပဲ ကောင်းတယ်”
ညီအစ်ကိုအချင်းချင်း ခွဲခြားနှိုင်းယှဉ်၍ ကျွန်တော့်ကို လှောင်ပြောင်သရော်လိုက်သော အဖေ၏စကားသံသည် ကျွန်တော်၏ မခံချင်စိတ်များကို ကောင်းကောင်းဆွပေးနိုင်ခဲ့ပါသည်။ နောက်လကျရင် အဆင့်ကောင်းစေရမယ်။ အဖေ မျက်လုံးပြူးသွားစေရမယ်။ ကျွန်တော်သည် မခံချင်စိတ်ဖြင့် အဆင့်တစ်ကနေ တစ်ဆယ်အတွင်းဝင်အောင် ကြိုးစားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ အဲသည်အတွက် ကျွန်တော့်၌ အရင်းအနှီးကြီးခဲ့ပါသည်။ ကျွန်တော်၏ ကစားဖော် ကစားဖက်များနှင့်တွေ့ဖို့ မကြိုးစားဖြစ်တော့ဘဲ ဝါသနာပါသော ဘောလုံးကန်ခြင်းကို နားပစ်လိုက် သည်။ အဲသည်အစား အားလပ်ချိန်၌ စာများသာ ဖိကျက်နေလိုက်တော့သည်။
အဆိုးဆုံးမှာ ကျွန်တော် လက်ရှိထိုင်နေသော နောက်ဆုံးခုံတန်းမှ ရှေ့တန်း၌ မထိုင်ချင်တော့ဘဲ နောက်တန်းသို့ ပြောင်းထိုင်ချင်နေသော တခြားသူတစ်ယောက်နှင့် နေရာလဲ၍ ပြောင်းထိုင်ခဲ့ခြင်းဖြစ်သည်။ စာသင်ချိန်တွင် ကျွန်တော်နှင့် မုန့်ခိုးစားဖော်စားဖက်ဖြစ်သော၊ မုန့်စားဆင်းချိန်၊ နေ့လယ်ထမင်းစားဆင်းချိန်များ၌ ဗိုက်ဖြည့်ပြီးလျှင် ပိုနေသောအချိန်များ၌ စာမကျက်ဘဲ အတူတူ ဆော့ဖော်ဆော့ဖက်ဖြစ်သည့် အဆင့် ၄ဝ ရခဲ့သော သူငယ်ချင်းဖြစ်သူကတော့ နောက်ဆုံးခုံတန်းမှာပင် ကျန်ရစ်ခဲ့ပါသည်။ ကျွန်တော်နှင့်အတူ ရှေ့ခုံတန်းများသို့ လိုက်ခဲ့ဖို့ မခေါ်မိသလို သူကလည်း လိုက်ထိုင်ဖို့ မကြိုးစားပါ။ ရှေ့တန်းမှာ ထိုင်နေကြသူများသည် အများအားဖြင့် စာတော်သည့်သူများဖြစ်ရာ ဆရာမများက စာသိပ်မေးပါသည်။ သူသည် စာမေးခံရမည်ကို သေမလောက် ကြောက်တတ်သူဖြစ်၏။ တစ်ခါက သိပ္ပံဆရာမမှ သူ့အား စာတစ်ပိုဒ် ထဖတ်ခိုင်းသည်ကို သူ ထိတ်လန့်တုန်လှုပ်စွာ ထဖတ်စဉ် သူ့နဖူး၌ ဇောချွေးများ ပြန်လာခဲ့ဖူးသည်။
စာလုပ်ချင်စိတ် ပေါ်ပေါက်လိုလျှင် စာတော်သည့်သူနှင့်သာ ပေါင်းမှပဲရမည်ဟူသော ယုံကြည်ချက်ဖြင့် ကျွန်တော်သည် ရှေ့ခုံတန်းများသို့ရောက်သောအခါ စာတော်သည့်သူကိုသာ ရွေးပေါင်းခဲ့၏။ ထိုအခါ နေမျိုးဟု ခေါ်သော နောက်ထပ်သူငယ်ချင်းတစ်ယောက်နှင့် ရင်းနှီးစွာ ခင်မင်ခွင့် ရခဲ့ပါသည်။
ပြီးခဲ့သည့် လပတ်စာမေးပွဲ နှစ်လလုံး အဆင့်တစ်ချည်းသာ ရခဲ့သော သူ့ကို စာတော်သောသူအဖြစ် လေးတန်းကတည်းက နာမည်နှင့်တကွ သတိထားမိ၍ မှတ်မိနေခဲ့သည်။ လေးတန်းတုန်းက သူနှင့်ကျွန်တော် အခန်းချင်းတူတူဖြစ်သော်လည်း နှစ်ယောက်သား ခင်မင်သွားသည့်အချိန်၌ အဲဒီတုန်းက သူသည် ကျွန်တော့်ကို အခန်းထဲမှာရှိနေသည်ဟုပင် မမှတ်မိဟု ရိုးသားစွာ ဆိုပါသည်။ အဲသည်အထိ ကျွန်တော် ဘယ်လိုမှမခံစားရပါ။
သို့သော် ရယ်သလို မောသလို စ,နောက်၍ ပြောလိုက်သောသူ၏ နောက်ဆက်တွဲစကားအဆုံး၌ ကျွန်တော် မနှစ်မြို့စွာ အောင့်သက်သက်ဖြစ်သွားခဲ့ပါသည်။
“ငါက စာတော်တဲ့သူတွေကိုပဲ မှတ်မိတာ”
တစ်နည်းအားဖြင့် ကျွန်တော့်ကို ညံ့တယ်လို့ ခွဲခြားလိုက်တာပဲ။ ကျွန်တော် မခံချင်စိတ်ဖြင့် အပြင်းအထန် ကြိုးစားခဲ့ပါသည်။ အဆင့်လေး ရခဲ့သည်။ သို့သော် အဆင့်တစ်ရသော သူ့ကို မကျော်နိုင်ခဲ့ပါ။
စာကို ထဲထဲဝင်ဝင် စိတ်နှစ်၍ ကြိုးစားကြည့်တော့မှ ကျွန်တော်သည် ဉာဏ်သိပ်မကောင်းသောသူများထဲမှ တစ်ယောက်အပါအဝင်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို လက်ခံလိုက်ရတော့သည်။ နေမျိုးကတော့ အဲလိုမဟုတ်။ စာ တစ်ပုဒ်ကျက်လျှင် မိနစ်ပိုင်းမျှသာ ကြာသည်။ သင်္ချာဆိုလျှင်လည်း ကျွန်တော် မိနစ်ပိုင်းများစွာ ကြာသည်အထိ စဉ်းစားသော်လည်း အဖြေမထွက်သောပုစ္ဆာများကို နေမျိုးက စက္ကန့်ပိုင်းအတွင်း(အလွန်ဆုံး သုံးမိနစ်အတွင်း) တွက်နိုင်လေသည်။ ထို့ကြောင့် ကျွန်တော်သည် ကြိုးစားအားထုတ်မှုနှင့် ဝီရိယကိုသာ အားကိုးရပါတော့သည်။ သို့သော် သူသည် အဆင့်တစ် ရမြဲရခဲ့ပြီး ကျွန်တော်ကတော့ ၂၊ ၃၊ ၄ ၌သာ ပတ်ချာလည် လှည့်ပတ်နေလျက် သူ့ကို မကျော်နိုင်ဘဲ ဖြစ်နေခဲ့သည်။ သို့သော် အဆင့် ၃ဝ မှ အဆင့် ၂ အထိ ခုန်တက်လာသော ကျွန်တော်၏ ကြိုးစားမှုကို သူ အံ့သြစွာ ရှိန်သွားရသည့်အတွက်တော့ ကျွန်တော် ကျေနပ်ပါသည်။ လူတစ်ယောက်သည် လူတစ် ယောက်ကို ယှဉ်ပြိုင်ရာ၌ ကိုယ့်ဘက်က နိုင်ခြေနည်းပါးမှန်း သိလာရသောအခါ ထိုသူကို မနာလိုသည့်စိတ် လျော့ပါးလျက် အားကျသည့်စိတ်များ ဝင်ရောက်လာတတ်ပါသည်။ ကျွန်တော်တို့နှစ်ယောက်သည် ယောက်ျားလေးများထဲ၌ အတော်ဆုံး နှစ်ယောက်ဟု အတန်းပိုင်ဆရာမ၏ တရားဝင်ချီးကျူးသတ်မှတ်ခြင်းကို ခံရချိန်၌ တော်တော်ရင်းနှီးနေကြပြီ။ ကျွန်တော်သည် စာတော်သည့် ကျောင်းသားဟူ၍ အများက အထင် ကြီးသည်၌ ဝင့်ကြွားမိပြီး အမှန်တိုင်း ဝန်ခံရလျှင် နေမျိုးလို စာတော်သည့်သူနှင့်တတွဲတွဲ သွားလာနေရသည်ကို ဂုဏ်ယူလျက်ရှိသည်။ စာညံ့သောသူများကို သူတို့ ဘာကြောင့် မကြိုးစားကြတာပါလိမ့်ဟု နားမလည်နိုင်အောင် ဖြစ်လာရသည်။ ထိုအခါ အရင်က ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင်စွာ ဟေးလားဝါးလားနေခဲ့သော နောက်ခုံတန်းက သူငယ်ချင်းကို အထင်သေးချင်သလိုလို ဖြစ်လာခဲ့ပြီး ငါ ဘာကြောင့်အစက သူနှင့် ပေါင်းမိပါလိမ့်ဟု တွေးမိကာ ရှက်စိတ်များ ဝင်ရောက်လာတတ်သည်။ ထိုကြောင့် နေ့လယ်ထမင်းစားချိန်များ၌ နောက်ဆုံးခုံတန်းတွင် တစ်ယောက်တည်း ထမင်းချိုင့်ဖွင့်လျက် ထိုင်စားနေတတ်သော ထိုသူငယ်ချင်းကို ကျွန်တော်တို့နှင့်အတူ ရှေ့ဆုံးခုံတန်းမှာ လာထိုင်စားလိုက်ဖို့ မခေါ်မိခဲ့ပါ။ သူကလည်း ကျွန်တော်၏အရိပ်အကဲကို နားလည်၍ထင်ပါသည်။ မျက်လုံးချင်းဆုံလျှင် အဝေးကနေပြုံးရုံသာ ပြုံးပြပြီး အလိုက်သိစွာဖြင့် ကျွန်တော်နှင့် စကားလာပြောဖို့ မကြိုးစားခဲ့ချေ။ စာတော်ခြင်း မတော်ခြင်း၊ အဆင့်ကောင်းခြင်း မကောင်းခြင်းသည် သူငယ်ချင်းနှစ်ယောက်၏ ဆက်ဆံရေးအား အလိုလို အေးစက်သွားစေခဲ့သည်မှာ အမှန်ပင်ဖြစ်ခဲ့သည်။ တစ်ခုသော နေ့လယ်ခင်းမှာတော့ သူ ကျွန်တော့်ကို စကားလာပြောခဲ့ပါသည်။ သူ ကျွန်တော်ထိုင်နေသော ခုံဘေးသို့ ရောက်လာချိန်သည် နေ့လယ်ထမင်းစားပြီး၍ ကျွန်တော်နှင့်နေမျိုး သိပ္ပံဘာသာရပ်ကို အပြန်အလှန်စာပြန်နေကြချိန်ဖြစ်သည်။ သူဘေးမှာ ဝင်ထိုင်လိုက်သည်ကို ကျွန်တော် သိပါသည်။ သို့သော် နေမျိုးစာပြန်နေသည်ကို နားထောင်ပေးနေရသည့်အလုပ်ကို ရပ်ပစ်လိုက်ပြီး သူ့ကို အရေးစိုက်လိုက်ဖို့ ကျွန်တော် မလုပ်ချင်ပါ။ ပြီးတော့ အခုလို စာကျက်နေချိန်မျိုး၌ သူစကားလာပြောခြင်းသည် ကျွန်တော့်အတွက် အနှောင့်အယှက်ဟုသာ မြင်နေခဲ့သည်။ နေမျိုး စာပြန်ပြီးသောအခါ ကျွန်တော် သူ့ဘက် လှည့်ကြည့်လိုက် ပါသည်။ ထိုအခါ သူက ကျွန်တော်နှင့်မျက်လုံးချင်းဆုံလျှင် ပြုံးနေကျအတိုင်း ပြုံးပြပါသည်။ သည်တစ်ခါ သူ့အပြုံး ကတော့ ခါတိုင်းအပြုံးများလို တောက်ပခြင်း တက်ကြွခြင်းမရှိဘဲ ဖျော့တော့လျက် ရှိသည်။
“ငါ မင်းကို လာနှုတ်ဆက်တာ သူငယ်ချင်း”
သူ့အသံများသည်လည်း ဖျော့တော့သိမ်ငယ်မှုများ ပါဝင်နေလျက် ရှိသည်ကို ကျွန်တော် အကဲခတ်လိုက်မိသည်။ ဖြောင့်တန်းမည်းနက်၍ ထူထဲသော မျက်ခုံးများအောက်က စူးရှညိုမှောင်သော သူ့မျက်လုံးများ ယခုအခါ အရောင်မှိန်လျက် ရှိသည်။
“ငါ ကျောင်းထွက်တော့မယ်ကွ။ မနက်ဖြန်ဆိုရင် ကျောင်းမလာတော့ဘူး”
“ဟင်”
ကျွန်တော့်မျက်နှာ၏ မယုံကြည်နိုင်မှုကို ရိပ်မိသွားသော သူငယ်ချင်းသည် ကျွန်တော် စိတ်သက်သာရာရစေရန် ပေါ့ပါးလွတ်လပ်စွာ ရယ်သွမ်းသွေး၍ ကျောင်းထွက်ရသည့်အကြောင်းအရင်းကို ပြောပြခဲ့၏။
“ငါ့အဖေ ကားမှောက်လို့ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ဆုံးပြီကွ”
သြော်… အဲဒါကြောင့် လွန်ခဲ့သည့် ရက်တွေတုန်းက ကျောင်းမလာခဲ့တာကိုး။ ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီး ခံစားလိုက်ရကာ သူငယ်ချင်း၏ ဆုံးရှုံးမှုအတွက် အမှန်တကယ်ပင် စိတ်မကောင်း ဖြစ်သွား၏။
“အမေ့မှာ ငါ့ကို ကျောင်းထားနိုင်ဖို့ အင်အားမရှိဘူး။ အမေကလည်း အသက်ကြီးပြီလေ။ ကျန်းမာရေးလည်း မကောင်းဘူး။ အဲဒါကြောင့် ငါ ကျောင်းထွက်ပြီး ငါ့အဖေရဲ့ အသိတစ်ယောက် ကားဝပ်ရှော့မှာ ဝင်လုပ်ပြီး အမေ့ကို ရှာကျွေးရမယ်”
ထိုသူငယ်ချင်း သူ့ခုံရှိရာသို့ ပြန်ထွက်သွားသောအခါ ကျွန်တော့်ခေါင်းထဲ၌ ဘာစာမျှကျက်ချင်စိတ်မရှိတော့ပါ။ နေ့လယ်ခင်း သင်သွားသော ပထဝီ၊ သမိုင်းဘာသာရပ်များလည်း ဘာတစ်ခုမျှ နားထဲမဝင်ခဲ့ပါ။ ထိုသူငယ်ချင်းကို သနားသည့်စိတ်ဖြင့် ဝမ်းနည်းနေမိသောကြောင့် ဖြစ်ပါသည်။ ညနေကျောင်းဆင်းတော့ ကျောင်းပေါက်ဝ၌ ကျွန်တော် ထိုသူငယ်ချင်း ဆီလျှောက်သွားပြီး ကျောင်းမထွက်ဘဲ ဆက်တက်လို့မရဘူးလားဟု စိတ်မကောင်းစွာဖြင့် မချင့်မရဲ တိုက်တွန်းကြည့်တော့ သူငယ်ချင်းက နွေးထွေးစွာ ပြုံးကြည့်လျက် ကျွန်တော့်ပခုံးကို ဆုပ်ကိုင်ဖျစ်ညှစ်ပါသည်။
“ဒီမှာ… သူငယ်ချင်း၊ ငါလို စာညံ့တဲ့ကျောင်းသားတစ်ယောက် ကျောင်းက ထွက်သွားတာ အကောင်းဆုံး ဖြစ်မှာပါကွာ”
ထိုစကားကို မနက်ဖြန် ကျောင်းပြန်တက်တော့ နေမျိုးကို ပြောပြသည့်အခါ ထိုသူငယ်ချင်း၏စကားကို ထောက်ခံသောအဖြေကိုသာ ရခဲ့ပါသည်။
“သူ့ဆုံးဖြတ်ချက်မှန်သားပဲ။ ကျောင်းဆက်နေလည်း ပိုက်ဆံကုန် အချိန်ကုန်ရုံပဲ ရှိတာပဲ။ စာမှညံ့နေတာ ဥစ္စာ ဆက်တက်ရင်လည်း သူ့အမေဒုက္ခရောက်ရုံပဲ ရှိတယ်။ ဟော အလုပ်ထွက်လုပ်တော့ ပိုက်ဆံရတယ်လေ”
ထိုသူငယ်ချင်းနှင့် နေမျိုး၏စကားများကို ကျွန်တော် စောဒကတက်လိုသော်လည်း ကျွန်တော့်တွင် ပြောစရာ စကားမရှိခဲ့ပါ။ သို့သော် မေးခွန်းများစွာ ကျွန်တော့်အတွေးထဲ အစီအရီပေါ်ပေါက်လာခဲ့၏။
ပညာရေးဟာ စာညံ့နေသူများအတွက် အရေးမပါဘူးလို့ ဘာကြောင့်သတ်မှတ်နိုင်ကြတာလဲ။ အတွေးအခေါ် မေးခွန်းများ မပါဝင်ဘဲ ကျက်မှတ်နိုင်လျှင် ဖြေနိုင်မည်ဖြစ်သော ဘာမျှ မခက်ခဲသည့် စာမေးပွဲရလဒ်အရ တော်သူ၊ ညံ့သူဟူ၍ သတ်မှတ်ပစ်လိုက်ခြင်းသည် တိကျစွာ လက်ခံလို့ရပါသလား။ အလွတ်ကျက် စာမေးပွဲရလဒ်ဖြင့် ကျောင်းသားတစ်ယောက်၏အရည်အချင်းကို လက်လွတ်စပယ် ဆုံးဖြတ်လို့ရသလား။ ဒါမှမဟုတ် စာကျက်နိုင် သူ၊ မကျက်နိုင်သူဟု ခွဲခြားသတ်မှတ်လိုက်လျှင်ရော မှန်ကန်နိုင်သလား။ သို့သော် အဲဒါလည်း မဟုတ်သေးဘူး။ စာတွေအများကြီးကျက်ပါလျက် ကိုယ် မကျက်သွားသည့်တစ်ပုဒ်ထဲက မေးသွားခဲ့လျှင် အဲဒီလူကို စာမကျက်နိုင် ဘူးဟု ပြောလို့ရပါဦးမလား။ ကျွန်တော်သည် စုံညီပွဲတော်၌ ဆုပေးရန်အတွက် ထည့်သွင်းဆုံးဖြတ်သော နောက်ဆုံးလပတ်စာမေးပွဲ၌ အဆင့်တစ်ရဖို့ အပြင်းအထန် ကြိုးစားလိုက်သောအခါ ကျောင်းထွက်သွားခဲ့သော နောက်ဆုံးခုံတန်းက ထိုသူငယ်ချင်းအကြောင်းကို မေ့ပျောက်သွားခဲ့ပါသည်။ ဒီတစ်ခေါက် အဆင့်တစ်ရရမည်။ နေမျိုးကို ကျော်နိုင်ဖို့ ဖြစ်ပါသည်။ သို့မဟုတ်လျှင်လည်း အမှတ်ညီတူရလျက် သူငယ်ချင်းနှစ်ယောက် အဆင့် တစ်ကို အတူတူရဖို့ မျှော်လင့်ခဲ့သည်။ ထိုလပတ်သည် ကျွန်တော် ဖြေဆိုခဲ့သမျှ လပတ်များတွင် အားအရဆုံး ဖြစ်ပါသည်။ အမှားအယွင်းမရှိ ကျေနပ်အားရစွာ စာမေးပွဲကို ဖြေနိုင်ခဲ့သည်။ သို့သော် Report ကတ် ထွက်လာပြီး ဆရာမက အဆင့်များ ကြေညာသောအခါ ကျွန်တော် အရင်လကအတိုင်း အဆင့်နှစ်ပဲ ရရှိခဲ့ပါသည်။ နေမျိုးကတော့ မပြောင်းမလဲ အဆင့်တစ်ပဲ ရခဲ့သည်။ ကျွန်တော် Eng ၌ လေးမှတ်တိတိ လျော့နေခဲ့ပြီး သူက နှစ်မှတ်အသာဖြင့် ရသွားခြင်းဖြစ်သည်။ သို့သော် သူ့မျက်နှာသည် ခါတိုင်းအဆင့်တစ်ရခဲ့သောလများကဲ့သို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူစိတ်ဖြင့် တောက်ပနေခြင်းမရှိဘဲ တစ်ခုခုကို အလိုမကျသလို ဖြစ်နေခဲ့ပါသည်။ ကျွန်တော်ကတော့ သေချာအထပ်ထပ် အခါခါစစ်ပါလျက်နဲ့ ဘာကြောင့် လေးမှတ်ကြီးများတောင် လျော့သွားရသလဲဆိုသည့်အကြောင်း အရင်းကိုရှာရင်း ဦးနှောက်ခြောက်နေမိသည်။ ထို Report ကတ်ရပြီးသည့် နောက်ပိုင်း ကျောင်းလာတိုင်း နေမျိုး၏မျက်နှာသည် ရွှင်လန်းတက်ကြွမှုမရှိဘဲ အားငယ်သလို အရောင်မှိန်နေခဲ့ သည်။ စာသင်ရင်း ကျွန်တော့်မျက်နှာကို တစ်ချက်တစ်ချက် ငေးကြည့်လျက် ပင့်သက်ရှိုက်နေသော သူ့ကို ကျွန်တော် သတိထားမိသော်လည်း မိသားစုပြဿနာကြောင့် သူစိတ်ညစ်နေရသည်ဟု ထင်၍မမေးခဲ့ပါ။ သူဖွင့်ပြောလာမည့်အချိန်ကိုသာ ကျွန်တော် ဆိတ်ငြိမ်စွာ စောင့်လျက်အားပေး နှစ်သိမ့်တော့မည်ဟု တွေးထားလိုက်သည်။ တစ်ရက်မှာတော့ သူ ဖွင့်ပြောလာခဲ့ပါသည်။ မှတ်မှတ်ရရ စုံညီပွဲတော် မကျင်းပမီ နှစ်ရက်အလိုတွင် ဖြစ်ပါသည်။ သို့သော် ကျွန်တော်ထင်သည့်အတိုင်း သူ့မိသားစုနှင့်ပတ်သက်သော စိတ်ညစ်စရာမဟုတ်ဘဲ ကျွန်တော်နှင့် တိုက်ရိုက်ပတ်သက်နေခဲ့သောကိစ္စ ဖြစ်နေခဲ့၏။ သူက ကျောင်း Assembly ကွင်း၏ ညာဘက်ရှိ လူရှင်းသောစိန်ပန်းပင်တစ်ပင်အောက်သို့ ပြောစရာရှိသည်ဟူ၍ ကျွန်တော့်ကို ခေါ်သွားခဲ့သည်။
“ငါ မင်းကို ဝန်ခံစရာရှိတယ်” ဟု တွန့်ဆုတ်ထစ်အပြောလိုက်သော သူ့စကားသံသည် အဖျားခတ်၍ တုန်လှုပ် နေသည်။ ကျွန်တော် ကြောင်တောင်တောင် ဖြစ်သွားကာ သူ နောက်နေတာထင်၍ ရယ်ချင်သွား၏။ ဘေးဘီကို လှည့်ကြည့်လိုက်တော့ ဘယ်သူမှ ရှိမနေပါ။ အားလုံးကိုယ့်အတန်းထဲမှာ ကိုယ် ထမင်းစားနေကြပါလိမ့်မည်။ ကျွန်တော်တို့ကျောင်းသည် နေ့လယ် ထမင်းစားဆင်းချိန်၌ အိမ်သို့ ပြန်စားခွင့်ပြုသောကြောင့် ထိုအချိန်မျိုး၌ ကျောင်းတွင် ကျောင်းသားဦးရေ သိပ်မကျန်ရစ်ပါ။
“ဘာလဲ၊ ဘာကိုလဲ”
သူ ကျွန်တော့်မျက်လုံးများကို တည့်တည့်မကြည့်ရဲပါ။ မိန်းကလေးတစ်ယောက်လို ပါးလျနေသည့် နှုတ်ခမ်းများ သည် တစ်စုံတစ်ခုကို ဖွင့်ပြောလိုက်ဖို့ အားယူနေကြသည်။ အတန်းထဲ၌ အဆင့်တစ်အမြဲရ၍ စာတော်သော သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ကျေနပ်ဂုဏ်ယူနေခဲ့သည့် အရိပ်အယောင်များ သူ့မျက်နှာ၌ ယခုအခါ လုံးဝ ပျောက်ကွယ်လျက်ရှိသည်။ အဲသည်အစား ကျွန်တော်တစ်ခါမှ မမြင်ဖူးခဲ့သော မဝံ့မရဲ စိတ်ပျက်အားငယ်ဟန် ကိုတွေ့ရသဖြင့် ကျွန်တော် ထိတ်ခနဲ ဖြစ်သွား၏။
“မင်း အင်္ဂလိပ် ၄ မှတ်လျော့တာ ငါ့ကြောင့်ကွ”
ကျွန်တော် သူ့ကို ကြောင်တောင်တောင် ငေးမောသွားသည်။ သူ့စကား၏အဓိပ္ပာယ်ကို ချက်ချင်း နားမလည်သောကြောင့် ဖြစ်ပါသည်။ သူက ဖြည်းဖြည်းပဲ ပြောတာဖြစ်နိုင်သော်လည်း စကားလုံးများ နားထဲသို့ လျင်မြန်စွာဖြင့် အလုံးအရင်း ဝင်ရောက်လာသည်။ ထို့နောက် သူ၏ဖွင့်ဟဝန်ခံချက် စကားစုများ၏အဓိပ္ပာယ်ကို နားလည်ဖို့ ဆက်စပ်ကြည့်နေရသည်။
“အဆင့်သုံးဆယ် ရခဲ့တဲ့သူက ငါ့ကိုကျော်ပြီး အဆင့်တစ် ရသွားတာ ငါ မလိုချင်လို့။ ငါ… ငါမင်းရဲ့ English အဖြေလွှာ စာရွက်ပေါ်က ကွက်လပ်ဖြည့်တွေကို ဆရာမ လစ်တဲ့အချိန်မှာ ခဲတံနဲ့ ခြစ်ပစ်ခဲ့တယ်”
“ဟာ…”
နောက်ဆုံးစကားတစ်ခွန်း၌ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး လေထဲ မြောက်တက်သွားသလို လှပ်ခနဲ ဖြစ်သွားပြီး ပူပြင်းလောင်မြိုက်သွား၏။ စာသင်ခန်းများဆီမှ ပျံ့လွင့်လာသော စကားသံများနှင့် ရောယှက်လျက် စတီးချိုင့်နှင့် ဇွန်းထိခတ်သံများသည် သေးမျှင်စူးရှသော အသံလှိုင်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး နားထဲ၌ စီစီစီစီ မြည်သွားသည်။ ကျွန်တော် အဆင့်တစ်ရဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ။ သူ့ကိုကျော်ဖို့ ရိုးသားစွာ အပတ်တကုတ် ယှဉ်ပြိုင်ခဲ့တဲ့အချိန်မှာ သူဟာ ကျွန်တော့်လို မဟုတ်ပါပဲလား။ ကျွန်တော့်ကို အထင်သေး ခွဲခြားခဲ့တဲ့အမြင်နဲ့ တစ်ချိန်လုံး ကြည့်ခဲ့ပြီး ကျွန်တော် ကျော်တက်သွားမှာကို မနာလိုစွာ ကြောက်ရွံ့နေခဲ့တာပါလား။ ကျွန်တော့်ရှေ့မှာ ရပ်နေသော သူ့ကို လပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့သော သူငယ်ချင်းတစ်ယောက်အဖြစ် မမြင်ဘဲ သူစိမ်းတစ်ယောက်လို ခပ်စိမ်းစိမ်းကြည့်နေမိသည်။
“ငါ လိပ်ပြာမလုံဘူး။ မင်းကို တောင်းပန်တဲ့အနေနဲ့ ဒီနာရီလေးပေးပါ့မယ်”
သူက လက်မှာပတ်ထားသော နာရီကို ကမန်းကတန်းချွတ်လျက် ကျွန်တော့်လက်ထဲသို့ တုန်တုန်ယင်ယင် ထည့်ပေး၏။ ထိုနာရီသည် သူ အဆင့်တစ်ရသဖြင့် သူ့အဖေက ဆုပေးခဲ့သော နာရီဖြစ်သည်။ သူ့ပြောစကားအရ သုံးသောင်းခွဲမျှ တန်သည်ဟု သိထားပါသည်။ ကိုယ့်ကြိုးစားမှုကို ယုံကြည်စိတ်ချစိတ်ဖြင့် အဆင့်တစ်ရကို ရစေရမည်ဟု အဖေ့ကို ကြွားထားပြီး တစ်ရလျှင် နာရီဝယ်ပေးရမည်ဟု တောင်းဆိုခဲ့သော ကျွန်တော်သည် အဆင့်နှစ်သာ ရခဲ့သဖြင့် သူ့လို ဘာမှမရခဲ့ပါ။ အဲသည်အစား လေလုံးကြီးသည် ဟူသော လှောင်ပြောင်စကားကိုသာ အဖေနှင့်အစ်ကိုဖြစ်သူထံမှ ရရှိခဲ့သည်။ သူ ပတ်နေသော နာရီလေးကိုကြည့်၍ သူ့ကို မကျော်နိုင်ခဲ့သော ကိုယ့်အဖြစ်ကိုယ် တွေးမိပြီး ဝမ်းနည်းနာကျင်နေခဲ့ရသည်။ သူ့လက်ကို ကျွန်တော် ပုတ်ထုတ် ပစ်လိုက်၏။ နာရီလေးသည် အုတ်သမံတလင်းပေါ်သို့ လွင့်စဉ်သွားပြီး ပန်းခုံနှင့်ရိုက်ကာ မျက်နှာပြင်မှန်လေး အက်ကွဲသွား၏။ ကျွန်တော် ကောက်မပေးသလို သူကလည်း လိုက်မကောက်ပါ။ သူသည် မျက်ရည်ကြည်များ ရစ်ဝိုင်းနေသော မျက်လုံးများဖြင့် ကျွန်တော့်မျက်နှာကို အသနားခံသလို မော့ငေးကြည့်လျက် ရှိပါသည်။
“ငါ့ကို ခွင့်လွှတ်ပါ သူငယ်ချင်းရာ၊ ခွင့်လွှတ်မယ်မလားဟင်”
ကျွန်တော့်ဒေါသများ ပေါက်ကွဲသွားပြီး အံတင်းတင်းကြိတ်လျက် သူ့ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။
“ငါဘယ်တော့မှ ခွင့်မလွှတ်ဘူးကွ မှတ်ထား”
ထို့နောက် သူ့ရှေ့မှ ကျွန်တော် ချာခနဲ လှည့်ထွက်လာခဲ့သည်။ ကျွန်တော့်နောက်သို့ သူ လိုက်မလာပါ။ နေရာမှာ တင် ရပ်တန့်လျက် တွေဝေစွာ ငေးမောကျန်ရစ်ခဲ့သည်။ အတန်းထဲရောက်တော့ ကျွန်တော်သည် လွယ်အိတ်များ၊ ထမင်းချိုင့်များကို မ,ယူလျက် ရှေ့ဆုံးတန်းကနေ အရင်က ထိုင်ခဲ့သော နောက်ဆုံးခုံတန်းလေးဆီသို့ ပြောင်းရွှေ့ထိုင်လိုက်ပါသည်။ ထို့နောက် ထမင်းပင်မစားနိုင်တော့ဘဲ ခုံပေါ် ခေါင်းမှောက်ချလျက် အသံမထွက်ဘဲ ရှိုက်ငိုမိပါတော့သည်။ ကျွန်တော့်အတွက် နာရီ မလိုအပ်ပါ။ အဆင့်တစ်လည်း မလိုအပ်ပါ။ စာတော်ခြင်း၊ စာညံ့ခြင်းများသည်လည်း အရေးမကြီးတော့ပါ။ ကျွန်တော်ပုံနှိပ်စာအုပ် မပါချိန်၌ သူ့ပုံနှိပ်စာအုပ် ကျွန်တော့်အားပေး၍ ကျွန်တော့်အစား ဆရာမအရိုက်ခံခဲ့သော၊ ကျွန်တော်အဆင့်များတက်သွားချိန်၌ ကျွန်တော့်အပေါ် မနာလိုစိတ်မရှိဘဲ ဂုဏ်ယူစိတ်ဖြင့် အဝေးက ပြုံးငေးကြည့်နေတတ်ခဲ့သော၊ ကျွန်တော် သရက်သီးစားချင်သည်ဟု ရေရွတ်လိုက်လျှင် တခြားဘာကိုမှ မကြောက်ရွံ့ဘဲ မခူးရဟု အမိန့်ထုတ်ထားသော ကျောင်းအုပ်ဆရာမကြီး၏ သရက်ပင်မှ သရက်သီးကို ခူးဆွတ်ပေးခဲ့သော သူငယ်ချင်းကောင်းတစ်ယောက်သာ လိုအပ်ခဲ့ပါသည်။ အခု အဲဒီသူငယ်ချင်း ဘယ်မှာလဲ။ ဘယ်ရောက်နေပြီလဲ။ လောကဓံ အလှည့်အပြောင်း၌ သူဘယ်လိုများ လှုပ်ရှားရုန်းကန်နေရပြီလဲ ကျွန်တော် မသိပါ။ နောက်ဆုံးခုံတန်းက သူငယ်ချင်းတစ်ယောက် ကျွန်တော့်ဘေးတွင် မရှိတော့တာ သေချာပါသည်။
­­­ကောင်းကောင်း၊အာခီ၊

Leave comment

Your email address will not be published. Required fields are marked with *.