တစ် အပေါင်း တစ်  (ဝတ္ထုတို)၊ စာရေးဆရာ ဆောင်းလုလင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ ဆောင်းလုလင်၏ တစ်အပေါင်းတစ် ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ကိုကိုနိုင်က ရေးဆွဲပါသည်။

တစ် အပေါင်း တစ်
…………………………..

ဖိနပ်ဆိုင်ထဲသို့ ဘယ်ဘက်ခြေတစ်ဖက် ပြတ်နေသော ချိုင်းထောက်နှင့် လူတစ်ယောက်ဝင်လာသည်။
”ဟောဒီ နံပါတ် ၈ ဖိနပ်က ဘယ်လောက်ပါလဲ”
”တစ်ရန် ၆၀၀၀ ပါ ဦး”
”ဦးလေးကို ညာဘက်ဖိနပ်တစ်ရန်ပဲ ခွဲရောင်းလို့ မရဘူးလားကွယ်”
”ကြံကြံဖန်ဖန် ဦးရယ်၊ ဖိနပ်ဆိုတာ နှစ်ဖက် တစ်ရန် ရောင်းရတာပဲ။ အဲ့ဒီလို ခွဲရောင်းလို့ မဖြစ်ပါဘူး”
ထိုသူ သက်ပြင်းချရင်း ပြန်ထွက်သွားသည်။
#####

နောက် နာရီဝက်ခန့်အကြာတွင် ချိုင်းထောက်နှင့်လူ ပြန်ဝင်လာသည်။
”၆၀၀၀ တန် နံပါတ် ၈ ဖိနပ် တစ်ရန်လုံးသာ ပေးပါတော့ကွယ်”
”ဟုတ်ကဲ့ ဦး။ စိတ်မရှိပါနဲ့နော်၊ ဖိနပ်တစ်ဖက်က ဦးအတွက် အပိုသက်သက် ဖြစ်မယ်ဆိုတာ သိပါတယ် ဦး။ ကျွန်မကလည်း ဆိုင်ပိုင်ရှင် မဟုတ်ပါဘူး၊ အရောင်းစာရေးမပါ။ ကျွန်မသာ ဆိုင်ပိုင်ရှင်ဆိုရင် ဦးကို ဖိနပ်တစ်ရန်လုံးတောင် အလကားပေးပါတယ်ရှင်”
”ဦးလေးကလည်း တစ်ဖက်ပဲလိုလို့ ရလိုရငြား မေးကြည့်မိတာပါကွယ်။ ဒါပေမဲ့ အခုဝယ်တဲ့ ဖိနပ်တစ်ရန်က သမီးထင်သလို တစ်ဖက်က အလဟဿ မဖြစ်ပါဘူးကွယ်၊ ဟိုမှာလေ ဦးအတွက် အသုံးမလိုတဲ့ ဘယ်ဘက်ဖိနပ်ကို ပေးဖို့ လူတယောက်တွေ့လာခဲ့ပြီ”
ထိုသူ လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်ရာ ဆိုင်မှန်နံရံများကို ဖောက်၍ အပြင်တွင် ရပ်နေသော ညာခြေ တစ်ဖက်ပြတ်နေသည့် ချိုင်းထောက်နှင့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။
“လမ်းထိပ်မှာ ညာဘက်ခြေတစ်ဖက်ပြတ်နေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်ကွဲ့။ ဦးက မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်းက ရှေ့တန်းမှာ မိုင်းနင်းမိလို့ ဘယ်ခြေတစ်ဖက် ပြတ်သွားတာလေ၊ သူကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုမှာ စစ်သားလုပ်ခဲ့တဲ့သူတဲ့၊ သူလည်း တိုက်ပွဲမှာ တိုက်ခိုက်ရင်းက ညာခြေပြတ်ခဲ့ရတာတဲ့”
“အို.. တိုက်ဆိုင်လိုက်တာနော်”
“ဒါ့ထက် တိုက်ဆိုင်တာ ရှိသေးတယ်မိန်းကလေးရေ၊ ဦး တိုက်ခဲ့တဲ့စစ်ပွဲနဲ့ သူတိုက်ခဲ့တဲ့စစ်ပွဲဟာ တစ်ပွဲတည်း ဖြစ်နေတယ်ကွဲ့”
“ရှင်…”
“နှစ်ယောက်သား အတွေ့အကြုံဖလှယ်ကြည့်လို့ သိလာရတာပါ။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်စဉ်ကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်သိ ၊ဘယ်တွေ့ဖူးပါ့မလဲကွယ်”
“ဖြစ်ရလေရှင်၊ ဒါဖြင့် ဦးတို့နှစ်ယောက်က ရန်သူတွေပေါ့”
“တာဝန်အရ သက်ဆိုင်ရာ စစ်ယူနီဖောင်းတွေ ဝတ်ထားစဉ်ကတော့ ရန်သူတွေလို့ ခေါ်နိုင်တာပေါ့ကွယ်၊ ခုလို သာမန်လူဘဝမှာတော့ ရန်သူတွေမဟုတ်တော့ပါဘူး”
“ဟုတ်ကဲ့ ဦး”
”မေးကြည့်တော့ သူကလည်း ဖိနပ် နံပါတ် ၈ ပဲ စီးတာတဲ့လေ။ ဦးလေးအတွက် ပိုနေမယ့် ဘယ်ဘက်ဖိနပ် တစ်ဖက်ကို သူ့ပေးလိုက်တော့ ကုသိုလ်လည်းရတယ်။ ဖိနပ်တစ်ဖက်လည်း အလဟဿ မဖြစ်တော့ဘူးပေါ့”
#########                                                                                                              

ဆောင်းလုလင်

Leave comment

Your email address will not be published. Required fields are marked with *.