လက်လှမ်းလို့ ကြိုပါ့မယ် အဖေနဲ့အမေ (ကဗျာ)၊ ကဗျာဆရာမ Charkore

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ Charkore ၏ “လက်လှမ်းလို့ ကြိုပါ့မယ် အဖေနဲ့အမေ” ဟုအမည်ပေးထားသည့် ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။

“လက်လှမ်းလို့ ကြိုပါ့မယ် အဖေနဲ့အမေ”

အမေ …
မွေးပေးလို့ ကျေးဇူးပါ အမေ
လောကဆိုတဲ့ လူ့သဘာဝထဲ
ဘယ်ဘဝရောက်ရောက် ဘဝမခြားသရွေ့
အမေ့ကိုတွေ့ချင်သေးတယ် အမေ။

အဖေနဲ့အမေ အမှတ်တမဲ့အမှားက
ကျွန်မတို့ကို သန္ဓေတည်တယ်
အမေထိတ်လန့် သွားပြီလား။

အမေတို့ပဲ
တစ်ယောက်နဲ့ တစ်ယောက်
သိပ်ချစ်မိနေကြပြီဆို … ။
မခွဲနိုင်တော့ဘူးဆိုခဲ့ …
ဘယ်သူနဲ့ ဘယ်ဝါဆိုတာ
ကျွန်မကို သိခွင့်မပေးလည်း
မသိလိုတော့ပါဘူး အမေ။

ခုတော့ မေတ္တာတရားတွေ
ကရုဏာတရားတွေပေးမယ့်
သူစိမ်းအိမ်လေးရဲ့ လုံခြုံမှုအမိုးအောက်မှာ
သူစိမ်းအမေရဲ့ ကရုဏာမေတ္တာ
စေတနာတွေ ချစ်ခြင်းတွေကို ရယူပြီး
ဘဝတူမောင်နှမတွေနဲ့ အတူပျော်ရင်း
သမီးနေတတ်နေပါပြီ အမေ။

သမီးကို ချန်ထားရက်တဲ့
အမေ့ရဲ့အရိပ်ကလေးကို
သမီးရဲ့မျက်ရည်စတွေနဲ့
မမြင်နိုင်သေးတဲ့ သမီးရဲ့မြင်လွှာက
ခိုးကြည့်မိတယ် အမေ။

အူဝဲလို့ အော်နိုင်တဲ့အင်အားက
ဘဝဆိုတာ ချိုမှာလား ခါးမှာလား
သမီး ဘယ်သိပါ့မလဲ အမေ။

တကယ်တော့ အမေ့ဗိုက်မှာ
တည်ခွင့်ပေးကတည်းက
အမေ့မှာ မေတ္တာတရားတွေရှိနေတာ
မညာချင်ဘဲ ညာခဲ့တယ်
နို့ချို မပေးနိုင်ပေမဲ့ အမေ့နို့ချိုမှာ သိနေတယ် …
ကျွန်မကို ရင်ဝယ်ပိုက်ပြီး
အမေ့ ခဏခဏ မျက်ရည်တွေ စိုရွှဲခဲ့တဲ့အမေ။

ပစ်ထားခဲ့တာကို ဝမ်းမနည်းပါနဲ့
ထားခဲ့ချိန်က ကရုဏာလက်တွေ တုန်နေတယ်
စိတ်မပူပါနဲ့ နို့ချိုအစားထိုးမိခင်က
သူတို့ရဲ့ရင်ခွင်နွေးနွေးမှာ ခွဲတမ်းနဲ့
နားခိုခွင့် ပေးကြပါတယ်
သမီးပျော်နေပါတယ် … အမေ။

နို့သီးခေါင်းအတုက
အမေ့ကိုယ်စား အားဖြစ်စေတယ်
မြင်ခွင့်မရှိတဲ့ အမေ့မျက်နှာ
ခိုခွင့်မရတဲ့ အမေ့ရဲ့ရင်ခွင်
အိပ်မက်မှာ ခဏခဏမြင်ရ …
ခိုရပါတယ် အမေ။

စိတ်ချပါ အခွင့်ရတဲ့နေ့
ဘုရားသခင်အလိုရှိတဲ့နေ့
အဲ့ဒီနေ့တစ်နေ့သာ တွေ့ခွင့်ဆုံခွင့်ရှိခဲ့ရင်
အမေ့လက်ကိုဆွဲ အမေ့ကိုထိုင်စေပြီး
ဦးချကန်တော့ခွင့်လေး ရချင်တယ် အမေ။

အဖေနဲ့ အမေရေ
ဘယ်သူ့ကြောင့်ရယ်လို့ မဝေဖန်ရဲဘူး
အသက်ရှင်ခွင့်ရခဲ့တဲ့ ကျွန်မ
ဒီလောကကြီးထဲမှာ မိဘမဲ့ဆိုတဲ့
ထိပ်စီးတပ်ခံရတာကိုပဲ
ကျွန်မ ဂုဏ်ယူကျေနပ်နေတယ်
မိပစ်ဖပစ်ဆိုပေမဲ့ နွံမနစ်တာကိုပဲ
ကျေနပ်လှပါပြီ အမေ။

ဘုရားသခင်ထံ ဆုတောင်းမိတယ်
ဘဝဆက်တိုင်း အဖေနဲ့ အမေဟာ
ခုလို လူသိမခံရဲတဲ့ အချစ်များနှင့်
မချစ်မိကြပါစေနဲ့ ဒီဘဝဟာလည်း
ဝဋ်ကြွေးရှိလို့သာ ဖြစ်ပါစေ အမေ။

ခု လက်များစွာ ကမ်းလှမ်းထားတဲ့
မိဘများစွာရှိတဲ့ အမိုးအောက်မှာ
အကြင်နာလက်များကို ဆွဲကာ
အားကိုးရင်း အဖေနဲ့အမေကို
အမြဲတမ်း လက်ကမ်းကြိုနေမယ့်
လက်ဝါးကို နာနာဆုပ်ကာ
လောကကို ရင်ဆိုင်ရင်း
လက်ကမ်းလို့ ကြိုနေပါ့မယ် အဖေနဲ့ အမေ။

(မိဘမဲ့ကလေးဂေဟာများမှ … ခံစားမှု)

Charkore

Leave comment

Your email address will not be published. Required fields are marked with *.