ကျည်ဆန်(ကဗျာ)၊ ကဗျာဆရာ စိုးခိုင်ညိန်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ စိုးခိုင်ညိန်း ၏ ““ကျည်ဆန်” ဟုအမည်ပေးထားသည့် ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။

“ကျည်ဆန်”

မည်းမည်းမှောင်နေတဲ့ အမှောင်ဘက်ခြမ်းက
လက်ထဲက မလွှတ်တမ်း အသေဆုပ်ကိုင်ထားတဲ့
အသံတိတ် သေနတ်ကနေ ကျည်ဆန်က
အပြေးအလွှား ထွက်ပြေးလာတယ်
ငြိမ်းချမ်းတိတ်ဆိတ် အေးချမ်းနေတဲ့ အရပ်ဒေသတွေကို
ဆူညံပွက်လောရိုက်ထားခဲ့
လူအချင်းချင်း အဓိကရုဏ်းတွေနဲ့ ရန်တိုက်ပေးထားခဲ့
လာရာ လမ်းတစ်လျှောက်
တွေ့သမျှ အဟန့်အတားတွေကို ထိုးဖောက်ခဲ့
အေဗရာဟမ်လင်ကွန်းရဲ့ ရင်ဘတ်ကိုလည်း
ဖောက်ထွက်လာတယ်
ဂျွန်အက်ဖ် ကနေဒီရဲ့ နှလုံးသားကိုလည်း ဆွဲဖြဲလာတယ်
ဗိုလ်ချုပ်အောင်ဆန်းကိုလည်း
တစ်ကိုယ်လုံး ဆန်ခါဖောက်ထားခဲ့တယ်
မဟတ္တမဂန္ဒီ ကိုလည်း နင်းခြေ ဖြတ်ကျော်လာတယ်
ကျည်ဆန်ဟာ မနားတမ်း ဆက်လက်
ကိုဖုန်းမော်ကို ဖောက်၊ မဝင်းမော်ဦးကို ဖောက်
တောက်လျှောက် လမ်းတစ်လျှောက်
ချွေးတစ်စက်မျှ မထွက်
သွေးစက်တို့သာ အလိမ်းလိမ်း
သမီးလေး ဂျာဆိုင်းအိန်ရဲ့
ဦးနှောက်နဲ့ ကျောင်းစာအုပ်တွေကို ဆွဲဖြဲလာပြီးတဲ့နောက်
မာလာလာရဲ့ ဦးခေါင်းထဲကို ရောက်လာတော့
ကျည်ဆန်ဟာ မောပန်းနွမ်းဟိုက်
အားအင်ကုန်ခန်းသွားတယ်
ကျည်ဆန်ဟာ သူဖြတ်ကျော်ခဲ့ရတဲ့ အဟန့်အတားတွေက
တုတ်ခိုင်ကြီးမားလွန်းတော့
တဖြည်းဖြည်း အားဖျော့
မှိန်ပျော့နှေးကွေးငြိမ်သက်သွားပေါ့
မာလာလာက သူ့ဦးခေါင်းထဲက ကျည်ဆန်ကို
မြေဖြူတောင့်နဲ့ ကလော်ထုတ်ပြီး
ထိပ်ဖူးကိုဖြတ် တစ်ပွင့်စိုက်အလှထိုးပန်းအိုးလေး
ပြုလုပ်လိုက်တယ်
ကျည်ခွံပန်းအိုးလေးထဲ
ဆူးမရှိတဲ့ နှင်းဆီတစ်ပွင့်ထိုးစိုက်ကာ
ကျောင်းစာကြည့်စားပွဲပေါ်တင်ပြီး
စာဖတ်ရင်း တစိမ့်စိမ့်အရသာခံ ကြည့်နေလေတော့တယ်။

စိုးခိုင်ညိန်း

Leave comment

Your email address will not be published. Required fields are marked with *.