မညိုရင့်၏ ချစ်ခြင်းရနံ့ (ဝတ္ထုတို) စာရေးဆရာ ဟန်ဆန်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ ဟန်ဆန်း၏ မညိုရင့်၏ ချစ်ခြင်းရနံ့ ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ဖေသစ်တည်က ရေးဆွဲပါသည်။ 

မညိုရင့်၏ ချစ်ခြင်းရနံ့ – ဟန်ဆန်း –

တစ်နေ့သ၌ မောင်ရင်ညိုသည် သူ၏ဆိုက်ကားအထက်တွင် မှေးစက်အနားယူ၍ ဆိုက်ကားစီး ခရီးသွားလုပ်သားပြည်သူကို စောင့်စားနေသည်။ မှေးစက်နေရင်းသကာလ ယမန်နေ့က အိမ်တွင်းဓာတ်ရှင်ပြစက်၌ ထုတ်လွှင့်ပြသခဲ့သော ဓာတ်ရှင်မင်းသမီး အေးမြတ်သူ၏ပုံရိပ်များကို မှန်းဆတမ်းတကာ တရေးရေး တရိပ်ရိပ် မြင်ယောင်ကြည့်နေသည်။ အချိုးအဆစ် အဖုအထစ် အဝန်းအဝိုင်း အကွေးအကောက် အပြုံးအရယ် အသွယ်သွယ်များဖြင့် ရင်ဖိုရင်ခုန် သိမ့်သိမ့်တုန် ရသော ခံစားမှုအဖုံဖုံတို့ကို ရင်ခုန်လှုပ်ရှားစိတ်မကုန်နိုင်အောင် ဓာတ်ရှင်မင်းသမီး အေးမြတ်သူက မောင်ရင်ညိုကို ဆွဲဆောင်ထားသည်။ အိမ်တွင်းဓာတ်ရှင်ပြစက်အနီးသို့ တိုးကပ်၍ ဓာတ်ရှင်မင်းသမီးကို ဆွဲထုတ် ပွေ့ယူ နမ်းရှုပ်ချင် လောက်အောင်ပင် ဓာတ်ရှင်မင်းသမီးသည် ဆွဲဆောင်နေသည်။
ဓာတ်ရှင်မင်းသမီးလေး အေးမြတ်သူသည် ထဘီရင်ရှားလေးဖြင့် ဓာတ်ရှင်ပြစက်မြင်ကွင်း၌ ပေါ်လာသည်။ နုဖပ်နေသော လက်အစုံဖြင့် သနပ်ခါးကို ကျောက်ပျဉ်အထက်တွင် ကနွဲ့ကလျ သွေးနေသည်။ ကျောက်ပျဉ်အထက်မှ သနပ်ခါးအနှစ်များကို လက်နှင့်အသာအယာ သပ်ယူလိုက်သည်။ သူမ၏ပါးထက်သို့ ပွတ်လိမ်းလိုက်သည်။ ပါးကွက်လေးများ ကွက်လိုက်သည်။
သနပ်ခါးရနံ့သည် ဓာတ်ရှင်ပြစက်မှ စိမ့်ထွက်လာပြီး မောင်ရင်ညို၏ နှာဖျားအနားတွင် သင်းပျံ့ဝဲပြန့်လာသည်။ နှာခေါင်းအနားသို့ ရစ်သီလာသော သနပ်ခါးရနံ့ကို ရှူရှိုက်ရင်း မောင်ရင်ညိုသည် သူ၏မျက်ဝန်းအစုံကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ မျက်ဝန်း၏ မျက်မြင်တန်းတည့်တည့်တွင် သနပ်ခါး ပါးကွက်ကျားဖြင့် မိန်းမပျိုတစ်ဦးကို တွေ့လိုက်ရသည်။ ဓာတ်ရှင်မင်းသမီး အေးမြတ်သူဟု မောင်ရင်ညို၏စိတ်တွင် ထင်မှတ်မိလိုက်သည်။
“ဆိုက်ကား… အားသလား”ဟု မိန်းမပျိုက ပြောသည်။
“ဟုတ်… အားပါတယ်”ဟု မောင်ရင်ညိုက ခွန်းတုံ့ပြန်သည်။
“သင်္ဃန်းကျွန်းစျေး သွားချင်လို့” ဟု ဆိုကာ မောင်ရင်ညို၏ ဆိုက်ကားဦးခေါင်းခန်းသို့ မိန်းမပျိုသည် ဝင်၍ ထိုင်လိုက်သည်။
ဆိုက်ကားသည် ဝေဟင်တွင် ဝဲပျံနေသောလေယာဉ်ပျံကဲ့သို့ အရှိန်အဟုန်ဖြင့် လေပြင်ကိုတိုးကာ သင်္ဃန်းကျွန်းစျေးကြီးသို့ ဦးတည်သွားနေသည်။ လေအသင့်တွင် ဝေလွင့်ပြီး နှာဖျားသို့ ပွတ်သီးပွတ်သပ်ဖြင့် ကလူကျီစယ်နေသော သနပ်ခါးရနံ့ များသည် မောင်ရင်ညို၏ခြေအစုံကို အင်အားဖြစ်စေ၍ ဆိုက်ကားခြေနင်းပြားကို အားရပါးရ နင်းနင်းချနေတော့သည်။ ဆိုက်ကား ဦးခေါင်းခန်းထက်ရှိ သနပ်ခါးမွှေးရနံ့ ပိုင်ရှင်မလေးကတော့ ကြော့ကြော့လေး ထိုင်၍ ငြိမ့်ငြိမ့်လေးလိုက်ပါစီးနင်း လာသည်။
…..
(၁)
နံနက်ခင်းတိုင်းသည် လတ်ဆတ်လန်းဆန်းနေ၏။ နှာဖျားဝတွင် သင်းပျံ့လာမည့် သနပ်ခါးရနံ့လေးအား မျက်ဝန်းအစုံကိုမှေး၊ နှာသီးဖျားကိုဖွင့်၍ နေ့စဉ်နေ့တိုင်း စောင့်မျှော်နေလေတော့သည်။
“ဟေ့ကောင် ရင်ညို၊ မင်း ဂိတ်ဦးနော်၊ တောင်ဥက္ကလာတဲ့ လိုက်မှာလား”ဟု ဆိုက်ကားဂိတ်မှ သူ၏ နင်းဖော်နင်းဖက်တစ်ဦး က လှမ်းအော်ပြောလိုက်သည်။
မောင်ရင်ညိုသည် မှေးထားသော မျက်ဝန်းအစုံပင်ကို ဖွင့်၍မကြည့်ပါဘဲ အသံလာရာဘက်ကို ခြေခါလက်ခါပြုကာ ငြင်းပယ်ပစ်လိုက်သည်။
မျက်ဝန်းများကို မှိတ်ထားမြဲ မှိတ်ထား၍ နှာဖျားတွင် သင်းပျံ့လာသည့် ရနံ့များကို အာရုံပြု သတိထားနေခဲ့သည်။ နှာဖျားသို့ တိုးဝင်လာသော သင်းရနံ့များမှာ ဒေါ်စိန်အကြော်တဲမှ ဗယာကြော်ညှော်နံ့။
အနီးအပါးသို့ ရောက်ရောက်လာတတ်သည့် ကိုသိန်းတန်ထံမှ အရက်နံ့။
မိအေးကြည် မုန့်ဟင်းခါးဆိုင်မှ မုန့်ဟင်းရည်နံ့ စသည်စသဖြင့် သင်းပျံ့ဝဲရစ်နေသော ရနံ့ပေါင်းစုံများအနက်မှ နံနက်ခင်းအတွက် မင်္ဂလာရှိလှစွာသော သင်းရနံ့တစ်ခုကို မောင်ရင်ညိုသည် စောင့်ဆိုင်းနေသည်။
….
(၂)
မညိုရင့်။ သူမအမည် “မညိုရင့်” ဖြစ်ရမည်။
စာရေးဆရာကြီး ရန်ကုန်ဘဆွေ၏မြေးမဖြစ်သူ စာရေးဆရာမ မြသွေးနီ၏ အမျိုးသားဖြစ်သူ ကဗျာဆရာအမည်သည် “ညိုရင့်” ဖြစ်သည်။ ထို့ကြောင့် မောင်ရင်ညိုအနေဖြင့် စိတ်ဝင်စားနေခဲ့သော မိန်းကလေး၏အမည်သည် “မညိုရင့်” ဖြစ်ရမည်။ သို့မှသာ “မောင်ရင်ညို မညိုရင့်” ဖြစ်နိုင်မည်ဟု မောင်ရင်ညိုသည် တထစ်ချ တွက်ဆ၍ ဆိုင်၏မဆိုင်၏တို့ကို ထောက်ထားခြင်းအလျှင်းမရှိဘဲ သူ့အတွေးနှင့်သူသာ အကောင်းဆုံးဖြစ်၍ မောင်ရင်ညို၏မင်္ဂလာရှိလှစွာသော နံနက်ခင်း သနပ်ခါးရနံ့ပိုင်ရှင်အမည်ကို ‘မညိုရင့်’ဟု အမည်ပေး ကင်ပွန်းတပ်လိုက်လေသည်။ သူမအမည်သည် ထိုအချိန်မှစတင်၍ မညိုရင့် ဖြစ်လေသည်။
ထို့အတူ “မောင်ရင်ညို”အမည်မှာလည်း သူ၏အမည်အရင်းမဟုတ်ပါဘဲ မဟာဉာဏ်ထွန်းပေါက်ပြီးသကာလ ဘောလုံးနည်းပြဆရာ “မော်ရင်ဟို”ကို နှစ်သက်သဘောကျ၍ “မောင်ရင်ညို” ဖြစ်လာခြင်းဖြစ်သည်။
ဒီမိုကရေစီခေတ်ကာလကြီးတွင် ဆိုက်ကားဆရာသည်လည်း နိုင်ငံတော်သမ္မတဖြစ်နိုင်၏ဟု ဆိုလတ္တံ့သော ဆိုစကားများအရ တစ်နေ့သမ္မတ ဖြစ်လာလျှင် အမည်ကိစ္စ ဘဝင်ကျစေရန် “မောင်ရင်ညို”ဟု မှည့်ထားခြင်းလည်း ဖြစ်၏။
“နိုင်ငံတော်သမ္မတကြီး မောင်ရင်ညို”၊ “ဆိုက်ကားဆရာဘဝမှ နိုင်ငံတော်သမ္မတသို့”ဟု ဆိုရပါလျှင် မည်မျှဂုဏ်တင့်ပေမည် မသိနိုင်အောင် ပီတိဘဝင်မှ ဂွမ်းဆီထိရပါ၏ဟု မောင်ရင်ညိုသည် တွေးတောနေလေ၏။ ထို့အတူ ချစ်မေတ္တာ သက်ဝင်နေ သော ‘မညိုရင့်’ ခမျာမှာလည်း သမ္မတကတော် ဖက်လေဒီညိုရင့်အဖြစ် လူဘုံလူနန်းအလယ် တင့်တယ်နိုင်လိမ့်မည်ဟုလည်း မောင်ရင်ညိုသည် တွေးတောနေ၏။
ထိုသို့တွေးတောနေစဉ် မောင်ရင်ညိုထံသို့ မင်္ဂလာရှိလှစွာသော သနပ်ခါးရနံ့လေး ရောက်ရှိလာလေသည်။
“ကိုရင်ညို…သွားစို့”ဟု မညိုရင့်က ဆိုလိုက်သောအခါ မောင်ရင်ညိုသည် ဆိုက်ကားဦးကို သင်္ဃန်းကျွန်းစျေးဘက်သို့ လှည့်လိုက်လေသည်။
ဤသို့သော နံနက်ခင်းများသည် နေ့စဉ်မှ ရက်ဆက်၊ ရက်ဆက်မှ လစဉ် ဖြစ်လာပြီးသကာလတွင် လကာလကြာမြင့်လာ၍ နှစ်ကာလများသို့ နီးကပ်လာလေသည်။ ဆိုက်ကားဂိတ်အနီးအပါး အတင်းရပ်ဝန်းတွင် “မောင်ရင်ညို မညိုရင့်”၏ ဇာတ်လမ်းများသည် တီးတိုးပြောစရာ အတင်းစကားများ ဖြစ်လာခဲ့သည်။
…..
(၃)
နေသာသောနေ့တစ်နေ့တွင် လေအာသော စာရေးဆရာ ဟာညံညံသည် ဆိုက်ကားဂိတ်ရှိ မောင်ရင်ညိုထံသို့ ဆွတ်ပျံ့ဖွယ်သင်းရနံ့မမည်သော အရက်နံ့လှိုင်လှိုင်ဖြင့် ရောက်ရှိလာခဲ့သည်။
“ညို… မောင်ရင်ညို…။ ခင်ဗျားသတင်းက အတင်းအားဖြင့် ရပ်ထဲရွာထဲ ဟိုးလေးကျော်နေပါကောလား… မောင်ရင်ညိုရဲ့…” ဟု စာရေးဆရာ ဟာညံညံသည် မောင်ရင်ညို၏ ဆိုက်ကားကို ဆွဲ၍ ဆွဲ၍ လှုပ်ကာ ပြောနေသည်။
ဆိုက်ကားအထက်တွင် မှေးစက်ရင်း သင်းရနံ့မျှော်နေသော မောင်ရင်ညိုသည် ပြူးထွက်နေသော မျက်လုံးများဖြင့် စာရေးဆရာ ဟာညံညံကို အကြောင်သား ငေးကြည့်နေမိသည်။
“ဘာတဲ့ မောင်ရင်ညို။ ဆိုက်ကားသမားက နိုင်ငံတော်သမ္မတသို့ ဟုတ်လား။ တယ်မခက်ဘူးလားကွ မင့်စကားက။ ခုခေတ်က စာရေးဆရာ သမ္မတဖြစ်တဲ့ ခေတ်ကွ။ စာရေးဆရာ ဝန်ကြီး၊ စာရေးဆရာ အမတ်မင်း၊ စာရေးဆရာ သမ္မတမင်း။ ဒီလိုခေတ် ကွ… မောင်ရင်ရ”ဟု စာရေးဆရာ ဟာညံညံသည် မောင်ရင်ညိုကို စကားစစ်ထိုးနေလေသည်။
အရက်နံ့သင်းသင်းဖြင့် ရီဝေအာ ဝဇ္ဇန်းခြွေနေသော စာရေးဆရာ ဟာညံညံကို အနီးအပါးမှ လူအများက ပြုံးစိစိ ဖြင့် ငေးစိုက်ကြည့်ရင်း မောင်ရင်ညို၏ တုံ့ပြန်သံကို နားစိုက်ထောင်နေကြသည်။ အကြော်သည် ဒေါ်စိန်၊ မုန့်ဟင်းခါးသည် မိအေးကြည်တို့သည် အတင်းဦး အတင်းဖျားကို မျက်မြင်ကိုယ်တွေ့ ကြားသိရသူများဖြစ်လာမည်ဖြစ်၍ အကြော်ကြော်ရင်း၊ မုန့်ပွဲပြင်ရင်းဖြင့် နားစွင့်မှတ်သားနေကြသည်။
ရန်သူ၏ တိုက်ခိုက်မှုကို အငိုက်မိခံလိုက်ရသလို မောင်ရင်ညိုသည် အခြေအနေကို ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး တစ်စုံတစ်ရာတုံ့ပြန်ရန်လည်း မသက်မသာဖြစ်နေသည်။ စိတ်လိုက်မာန်ပါဖြင့် တုံ့ပြန်လိုစိတ် ရှိသည့်တိုင်အောင် စာရေးဆရာ ဟာညံညံကို ကြောက်လန့်စိတ်က ရှိရင်းစွဲဖြစ်နေ၍ မလှန်ဝံ့အောင်လည်း ဖြစ်နေသည်။ ကြောင်အမ်းအမ်း မှင်တက်တက်ဖြင့် စာရေးဆရာ ဟာညံညံကို ကြည့်နေမိသည်။
ထိုစဉ်ကာလ အခိုက်အတန့်လေးတွင်…။
ကယ်တင်ရှင် သင်းရနံ့လေးတစ်ခုက လေနှင့်အတူ ပျံ့လွင့်လာသည်။
သူမသည်ကား… မညိုရင့်ပင် ဖြစ်လေသည်။
မညိုရင့်သည် ဟာညံညံနှင့် မောင်ရင်ညိုအကြားသို့ စွေ့ခနဲဝင်လိုက်သည်။ ပတ်ဝန်းကျင်မှ ကိုသိန်းတန်၊ ဒေါ်စိန်နှင့် မိအေးကြည်တို့ကလည်း ငွေရောင်ပိတ်ကားထက်မှ သုံးပွင့်ဆိုင်ဇာတ် လမ်းတစ်ပုဒ်ကို ရင်တဖိုဖို ရင်တခုန်ခုန် ကြည့်နေ ရဘိသကဲ့သို့ ငေးစိုက်ကြည့်နေကြလေသည်။
“စာရေးဆရာ… ဆိုက်ကားငှားမလို့လား။ ငှားမယ်ဆိုရင်လည်း ကိုသိန်းတန်ကြီး ဆိုက်ကားကိုသာ စီးတော့။ ကိုရင်ညိုက ကျွန်မ လိုက်ပို့ရဦးမယ်။ သွားမယ်”ဟု ပြောပြောဆိုဆိုဖြင့် မောင်ရင်ညို၏ ဆိုက်ကားဦးခေါင်းခန်းအထက်သို့ တက်ထိုင်လိုက်သည်။
ဒီတစ်ကြိမ်တွင် အငိုက်မိသွားသူမှာ စာရေးဆရာ ဟာညံညံဖြစ်သည်။ မညိုရင့်ကို တစ်စုံတစ်ရာပြောမည် ကြံလိုက်သေး ပေမင့်သော်လည်း အခွင့်အရေးကောင်း စောင့်နေသည့် မောင်ရင်ညို၏ အင်အားပြည့်လှသော နင်းချက်များကြောင့် ဆိုက်ကားသည် လေးထောင့်ကန်လမ်းမကြီးထက်သို့ အဟုန်ဖြင့် တက်သွားသည်။
စာရေးဆရာ ဟာညံညံသည် ကိုသိန်းတန်၊ ဒေါ်စိန်နှင့် မိအေးကြည်တို့၏ မျက်ဝန်းများအောက်တွင် ဆွေးမြည့်စွာဖြင့် ငူငူကြီးရပ်ကျန်ရစ်လေသည်။ တစ်စုံတစ်ရာကို နှမြောတမ်းတမိသလိုလည်း ဖြစ်လာခဲ့သည်။
စာရေးဆရာ ဟာညံညံသည် မညိုရင့်ကို စိတ်ဝင်စားမိလာသည်။
…..
(၄)
“ကျေးဇူးတင်လိုက်တာဗျာ”
“ဘာလို့”
မောင်ရင်ညို၏ ကျေးဇူးတင်စကားကို မညိုရင့်က ကနွဲ့ကလျဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ စာရေးဆရာ ဟာညံညံ၏ လေလုံးမိုးလုံးများအောက်တွင် စိတ်အဟုန်ချွတ်ခြုံကျ၍ စကားလုံးမရှိသော ကောင်းကင်ပမာ စိတ်တိမ်ညို ဖုံးနေသည့် အခိုက်အတန့်ကနေ မညိုရင့်၏ ကျေးဇူးတရားကြောင့် လွတ်မြောက်လာရကြောင်း မောင်ရင်ညိုက ရှင်းပြသည်။
ထိုအခါ မညိုရင့်က-
“ဟုတ်လား။ သိတောင် မသိဘူး။ ဒါဆို ကယ်တင်ရှင်ကြီးပေါ့”ဟု ဆိုသည်။
ဤတွင် မောင်ညိုရင့်က စာရေးဆရာ ဟာညံညံ၏အကြောင်းများကို ဖောက်သည်ချလေတော့သည်။
…..
(၅)
စာရေးဆရာ ဟာညံညံသည် စာရေးဆရာကြီး ဟန်ဆြာ၏ လက်တိုလက်တောင်း တပည့်တစ်ဦးဖြစ်သည်။ ဆရာကြီးဟန်ဆြာကို အားကျလွန်းအားကြီး၍ ဆရာကြီးထံ ချဉ်းကပ်ပြီး နည်းနာများ ရယူသင်ကြားခဲ့သည်။ ဆရာကြီး၏ ဟန်ပန်အပြုအမူများအတိုင်း ခရေစေ့တွင်းကျလိုက်လံ နေထိုင်ရန် အားထုတ်သူတစ်ဦးလည်း ဖြစ်သည်။ “စိန်နားကပ်ရောင်ကြောင့် ပါးပြောင်”ဆိုသော စကားအတိုင်း “ဟန်ဆြာအရောင်ဖြင့် ဟာညံညံ ဂုဏ်သင့်နေခြင်း”ဖြစ်သည်။ ဆရာကြီး ဟန်ဆြာ၏ နေပုံ ထိုင်ပုံ ပြောပုံ ဆိုပုံ ရေးသားပုံ အမူအကျင့်ကအစ အစစအရာရာ အတုခိုး၍ စာရေးဆရာ ဟာညံညံသည် နေထိုင်လေ၏။
လူထူသောအရပ်များရှိ ပရိသတ်လူပုံအလယ်တွင် “ဆရာ”ဆိုသောဂုဏ်ပုဒ်ကို ထည့်သွင်း၍ စကားစမြည်ဆိုရသည်မှာလည်း မမောနိုင်မပန်းနိုင်ပါ။ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ပြောဆိုရာတွင်လည်း “ကျွန်တော်က စာရေးဆရာ ဟာညံညံ”ပါဟု ထည့်သွင်းပြောကြားရသည်မှာလည်း ဝတ်မပျက်အောင် ရှိလေသည်။ စာရေးဆရာ ဟာညံညံ၏ သက်တမ်းတစ်လျှောက် ဆုံခဲ့ဖူးသော နယ်ပယ်အသီးသီးမှ ထင်ရှားသည့်အနုပညာသမားများနှင့် မည်သို့မည်ပုံ မည်ကဲ့သို့ပတ်သက်ခဲ့သည်ကို လူထူထူတွင် ဖွင့်ဟထုတ်ကြွားရသည်မှာလည်း ဟာညံညံ၏အမူအကျင့်တစ်ခုပင်ဖြစ်သည်။ စာရေးဆရာ ဟာညံညံ၏ စာပေလက်ရာများမှာလည်း ပြောရလောက်အောင် ထွေထွေထူးထူး မဟုတ်သလို တန်းဝင်လှသည်ဟုလည်း မဆိုနိုင်ပါ။ အချစ်အလွမ်း၊ အကြမ်း၊ အပျော် အပေါဆိုသလို အပေါစားစာပေအမျိုးအစားများကို လှိုင်လှိုင်ရေး၍ စာပေလောကကြီး၏ ထိပ်တန်းစာရေးဆရာကြီးနှယ် နေထိုင်လေ၏။ စာရေးဆရာကြီး ဟန်ဆြာ၏ တပည့်အရင်းဟုဆိုကာ ဆရာကြီးလုံးလုံး မနှစ်သက်သည့် “အရိပ်ထိုးအတွက် ငွေထိုးရေးခိုင်း အကျင့်”ကို လစ်ရင်လစ်သလို ခိုးကြောင်ခိုးဝှက်လုပ်နေသူလည်း ဖြစ် သည်။
စာရေးဆရာ ဟာညံညံကို ဆရာညံဟုလည်း စာပေလောကတွင် ခေါ်ကြသည်။ အိမ်ထောင်မရှိသေးသူ လူပျိုသိုးကြီး ဖြစ်သည်။ စာပေအသိုင်းအဝိုင်းတွင်သာမက နေထိုင်ရာရပ်ကွက်အတွင်းတွင်လည်း လေကျယ်လေကန်ပြီး နိမ့်ပါးသူများကို အနိုင်ကျင့်နေသူတစ်ဦးဖြစ်သည်။ ရပ်ကွက်အတွင်းသို့ ‘မညိုရင့်’ ရောက်ရှိလာကတည်းက သူ၏ဘယ်ဘက်နှလုံးသား တစ်စုံကို ထုတ်နုတ်ပေးလိုက်သည်ဟုဆိုကာ အနာဂတ်အတွက် စာရေးဆရာ ဟာညံညံ၏ဇနီးအဖြစ် ရည်မှန်းနေလေသည်။
ဤတွင် မောင်ရင်ညို၊ မညိုရင့်နှင့် စာရေးဆရာ ဟာညံညံတို့၏ သုံးပွင့်ဆိုင်ဇာတ်လမ်းသည် အသက်ဝင်လှုပ်ရှားလာလေ သတည်း။
….
(၆)
မောင်ရင်ညို၏ ဆိုက်ကားပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပါသွားသော မညိုရင့်ကို ငေးစိုက်ကြည့်ရင်း ကျန်ရစ်လေသူ စာရေးဆရာ ဟာညံညံသည် လွမ်းဆွတ်မှုကို အထုပ်လိုက်အထည်လိုက်ပွေ့ဖက်မိသလိုဖြစ်လာသည်။ စာရေးဆရာ ဟာညံညံ အနိုင်ကျင့်သမျှ ခေါင်းငုံ့ခံနေတတ်သည့် မိမိ၏ငယ်နိုင် မောင်ရင်ညိုနောက်သို့ ဖျပ်ဖျပ်လူး လိုက်သွားသည့်အတွက် ကြောင့်လည်း စာရေးဆရာ ဟာညံညံသည် ဆတ်ဆတ်ခါအောင် မကျေနပ်စိတ်ဖြစ်ခဲ့ရသည်။ ထိုနေ့က ကိုသိန်းတန်၊ ဒေါ်စိန် နှင့် မိအေးကြည်တို့၏ မျက်ဝန်းအောက်တွင်ဖြစ်၍ မိမိ၏ ကြီးမားလှသော သိက္ခာတရားကို ထိန်းသိမ်းလိုက်ရသည်။ စာရေးဆရာ ဟာညံညံ၏ ရင်တွင်းတွင်တော့ မချိအောင် နာကျင်နေမိသည်။ မညိုရင့်အပါး ချဉ်းကပ်နိုင်ရန်လည်း ကြံစည်မိသည်။
နေသာလေသာသော နေ့တစ်နေ့တွင် စာရေးဆရာ ဟာညံညံသည် မညိုရင့်ကို လူပျိုလှည့်ရန် သင်္ဃန်းကျွန်းစျေးအရပ်မှ စောင့်နေလေသည်။ မညိုရင့်သည် ဆိုက်ကားအထက်မှနေ၍ ဝဲလွင့်နေသော သူ၏ဆံကေသာကို တစ်ချက်ခါလိုက်သည်။ မောင်ရင်ညို၏ ဆိုက်ကားထက်မှ ကြော့ကြော့ကလေးဆင်းလိုက်သည်။ ထို့နောက် သင်္ဃန်းကျွန်းစျေးအတွင်းသို့ ငြိမ့်ငြိမ့်ကလေးတိုးဝင်လာခဲ့ပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် မညိုရင့် စျေးဝယ်ထွက်လေသည်။
စာရေးဆရာ ဟာညံညံသည် မညိုရင့်၏လှုပ်ရှားမှုများကို မယောင်မလည်ဖြင့် လိုက်လံချောင်းမြောင်းနေလေသည်။ ထိုသို့ ချောင်းမြောင်းနေရင်း စျေးတန်းတစ်နေရာတွင် မှတ်တမ်းဓာတ်ရှင် ဒါရိုက်တာ ဓာတ်ခဲနှင့် ပက်ပင်းတိုးမိလေသည်။
“ဟ…ဆရာညံ။ စျေးထဲ… ဘာယောင်လည်လည် လုပ်နေတာလဲ။ ဇာတ်လမ်းရှာနေသလား။ ‘အကြံကုန် ဟာညံညံ ဆားချက်’လုပ်နေသလား” ဟု ဓာတ်ခဲက ဆိုလိုက်သည်။ ထိုစဉ် စာရေးဆရာ ဟာညံညံက ဓာတ်ခဲ၏စကားတွင် လိုက်ပါ၍-
“သြော်… အေး… ဟုတ်တယ်ကွ။ ဟိုကွာ…ဆရာဇော်ဂျီရဲ့ ‘ပုဂံစျေး’ ဝတ္ထုထဲကလို စျေးဆိုတာ လူစုံတယ်ကွ။ စရိုက်စုံတွေ့ရတယ်။ ငါတို့ စာရေးဆရာတွေဆိုတာ ဒီလိုပဲ လူထုနဲ့အနီးစပ်ဆုံး နေရတာပဲကွ”ဟု ဆိုလိုက်သည်။
ထိုအခါ မှတ်တမ်းဓာတ်ရှင် ဒါရိုက်တာ ဓာတ်ခဲက “ကောင်းတယ် ဆရာညံ။ ဆရာဇော်ဂျီက ‘ပုဂံစျေး’ ရေးခဲ့တယ်။ ဆရာညံက ‘ဟာညံညံ ပန်းကန်ဆေး’ဆိုပြီး ရေးပေါ့”ဟုဆို၍ ချာခနဲ လစ်ထွက်သွားလေသည်။
ဓာတ်ခဲစကားကြောင့် စာရေးဆရာ ဟာညံညံသည် ဒေါသထွက်လာသလို မျက်ခြည်ပြတ်သွားသော မညိုရင့်ကိုလည်း အသည်းအသန် လိုက်လံရှာဖွေနေသည်။ အသားတန်း၊ ငါးတန်း၊ အသီးအရွက်တန်း၊ ကုန်ခြောက်တန်း စသည့် စျေးတန်း အသီးသီးကို လှည့်ပတ်ရှာအပြီးတွင် သင်္ဃန်းကျွန်းစျေး၏ ပင်မဝင်ပေါက်သို့ ဦးတည်ထွက်ခွာနေသော မညိုရင့်၏ကျောပြင်ကို လှမ်းမြင်လိုက်သည်။ စာရေးဆရာ ဟာညံညံသည် နောက်မှ အမီလိုက်သည်။ မညိုရင့်သည် ခပ်သွက်သွက် လျှောက်နေသည်။ ဟာညံညံသည် ခပ်သုတ်သုတ် လိုက်လေသည်။
မညိုရင့်ကို မီလုမီခင်နေရာလေးအရောက် ‘မညို’ဟု နှုတ်မှခေါ်မည့်ဟန် ပြင်လိုက်ချိန်တွင် စာရေးဆရာ ဟာညံညံ၏ ကိုယ်အမူအရာ နှုတ်အမူအရာနှင့် လှုပ်ရှားမှုအားလုံးသည် ရပ်တန့်သွားလေသည်။
မညိုရင့်သည် မောင်ရင်ညို၏ ဆိုက်ကားအပါးသို့ ချဉ်းကပ်သွားသည်။ မညိုရင့်ကိုမြင်သော မောင်ရင်ညိုသည် အပြေးကလေး ပြေးထွက်လာပြီး စျေးခြင်းတောင်းလေးကို ပြေးဆွဲသည်။ မညိုရင့်ကလည်း စျေးခြင်းတောင်းကို လှမ်းပေးပြီး မောင်ရင်ညို့ဆိုက်ကားပေါ် ကြော့ကြော့ကလေး တက်သွားသည်။
ရပ်တန့်နေသော စာရေးဆရာ ဟာညံညံသည် ထိုမြင်ကွင်းအားလုံးကို တစ်ကွက်ချင်း တစ်ကွက်ချင်း ကွင်းကွင်းကွက်ကွက် မြင်တွေ့လေသည်။ လှုပ်ရှားသက်ဝင်နေသော သင်္ဃန်းကျွန်းစျေးကြီးအတွင်း သူတစ်ဦးတည်းသာ ငူငူငြိမ်ငြိမ်ကြီး ရပ်တန့်နေလေသည်။
ထိုစဉ်သူ၏ မြင်ကွင်းရှေ့သို့ မှတ်တမ်းဓာတ်ရှင်ဒါရိုက်တာ ဓာတ်ခဲ ရောက်လာပြီး “ဟာညံညံ ပန်းကန်ဆေး”ဟု ရေရွတ်၍ စပ်ဖြဲဖြဲလုပ်ကာ ထွက်သွားလေသည်။
…..
(၇)
ဥသြတွန်သံသာသော ညနေခင်းတွင် မောင်ရင်ညိုနှင့် စာရေးဆရာ ဟာညံညံတို့သည် လက်ဆည်ကန်ပေါင်ပေါ်သို့ ရောက်ရှိနေသည်။ မောင်ရင်ညိုသည် သူ၏ဆိုက်ကားအထက်တွင် မှေးစက်နေသည်။ စာရေးဆရာ ဟာညံညံသည် ကန်ရေပြင်ကို ငေးစိုက်ကြည့်လိုက်၊ အနီးအပါးရှိ ခဲလုံးလေးများကို ရေကန်အတွင်းသို့ ပစ်သွင်းလိုက်ဖြင့် ပြုမူနေသည်။
ရေကန်အတွင်း ခဲလုံးပြုတ်ကျသံ ‘ပလုံ’ ‘ပလုံ’ ဆိုသောအသံနှင့်အတူ မောင်ရင်ညိုနှင့်စာရေးဆရာ ဟာညံညံတို့၏ ရင်ခုန်သံများမှာလည်း တဒုန်းဒုန်း တဒိုင်းဒိုင်းဖြစ်နေလေသည်။ ထိုစဉ် ကိုသိန်းတန်နှင့် မအေးကြည်တို့သည်လည်း
မယောင်မလည်ဖြင့် လက်ဆည်ကန်အနီးသို့ရောက်လာသည်။ မောင်ရင်ညိုကို ကူမလို၊ စာရေးဆရာ ဟာညံညံကို ဖေးမလို၊ မညိုရင့်ကို အဖော်လိုက်ပေးသလိုဖြင့် ကိုသိန်းတန်နှင့် မအေးကြည်တို့သည် မယောင်မလည်ပြုမူနေကြသည်။
မညိုရင့်သည် ခြေလှမ်းမှန်မှန်ဖြင့် လက်ဆည်ကန်အတွင်းသို့ ဝင်ရောက်လာသည်။ ယနေ့ညနေခင်းသည် ‘ညို့ကို ချစ်မလား၊ ညံ့ကို ချစ်မလား’ ဆုံး ဖြတ်ရမည့်နေ့ဖြစ်သည်။ သုံးပွင့်ဆိုင်ဇာတ်လမ်း၏ အလယ်တည့်တည့် အဆုံးအဖြတ်ပြုရမည့် မညိုရင့် သည် သူမ၌ တိကျသောအဖြေရှိလင့်ကစား ချစ်ရေးချစ်ရာတွင် အမှုမအေးမဖြစ်ရလေအောင် ‘ညိုညံရင့်’ ကာယကံရှင် သုံးဦး ထိပ်တိုက်တွေ့ဆုံပြီးသကာလ ဘဝအသစ်တစ်စုံကို တူယှဉ်ကာ လက်တွဲ၍ ဤသံသရာကို ဆွဲဆန့်လိုက်ချင်သူ အာဂမိန်းမတစ်ဦး ဖြစ်သည်။
မောင်ရင်ညိုနှင့် ဟာညံညံကို ယှဉ်တွဲကာနှိုင်းဆကြပြီး ဘယ်သူကဖြင့် ဘယ်သို့သာသည်၊ ဘယ်သူကဖြင့် ဘယ်သို့ချာသည် မှန်းဆအကဲဖြတ်ကြပြီး မညိုရင့်ကို ဘေးတီးကြပေမဲ့ မိညိုရင့်၏ ခံယူနှလုံးသားတွင် အကြံတူ မယိုယွင်းစေရန် အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ လူနှင့်လူတွင် လူသာဖြစ်၍ လူသားနှင့်လူသားတွင် တစ်စုံတစ်ရာ အခွဲအခြားမရှိစေရဘဲ လူတန်းစားခွဲခြားခြင်း အလျှင်းမရှိစေရဟု ယုံကြည်စွဲမြဲထားသည်။ ယနေ့ခေတ်တွင် လူတန်းစားခွဲခြားခြင်းမရှိဘဲ လူကုန်ကူးခြင်းသာ ရှိတော့သည်ဟု မညိုရင့်က လက်ခံယုံကြည်ထားသူဖြစ်သည်။ ချစ်ရေးတွင် ဦးနှောက်ထက် နှလုံးသားကို ဦးစားပေး၍ လူသားဆန်ချင်သူအဖြစ် မညိုရင့်သည် ခိုင်ခိုင်မာမာရပ်တည်နေလေသည်။
လက်ဆည်ကန်ထောင့်တစ်ခုတွင် မညိုရင့်၊ မောင်ရင်ညိုနှင့် ဟာညံညံတို့သည် သုံးပွင့်ဆိုင် ဆုံမိကြသည်။
ထိုစဉ် ဟာညံညံက “ချစ်ရေးချစ်ရာမှာ နှလုံးသားအရာမက လက်တွေ့သဘောဆန်တဲ့ ဘဝအကြောင်းတရားကို ထည့်စဉ်းစားဖို့လိုပါတယ်… မညို။ လူ့လောကအလယ်မှာ တင့်တယ်ဖို့ဆိုတာ ဂုဏ်ရှိဖို့ လိုပါတယ်။
ဗိုလ်အောင်ဒင်လို အမူအရာမပြုချင်ပေမဲ့ လှေနံနှစ်ဖက်မနင်းဖို့နဲ့ နင်းချင်းနင်းရင် ကိုယ့်ဘက်သာ နင်းချလိုက်ပါ…မညို” ဟု ပြောလိုက်သည်။ မောင်ရင်ညိုကတော့ မတုန်မလှုပ် ပကတိငြိမ်သက်နေပြီး မည်သည့်စကားမျှ မဖွင့်ဆိုပါဘဲ ကန်ရေပြင်ကို တွေတွေကြီး ငေးကြည့်နေလေသည်။
“ရှင်တို့ နှစ်ယောက်အတွက် ကျွန်မအဖြေက ရှင်းပါတယ်။ ဟော့ဒီလက်ဆည်ကန်ကို ရှင်တို့နှစ်ယောက် တစ်ပတ်ပတ်ပြေး။ ကျွန်မဆီကို အရင်ရောက်လာသူက ကျွန်မချစ်သူပဲ။ အဲဒါ ကျွန်မ အဖြေပဲ”ဟု မညိုရင့်က ပြောလိုက်သည်။
ထို့နောက် မောင်ရင်ညိုနှင့် စာရေးဆရာ ဟာညံညံတို့သည် ကိုသိန်းတန်နှင့်မိအေးကြည်တို့ကို သက်သေထား၍ အချစ်အတွက် လက်ဆည်ကန်တစ်ပတ် ပတ်ပြေးကြလေသည်။ လက်ဆည်ကန်ပတ်ပြေးပွဲတွင် ကာယစွမ်းအားဖြင့် အသက်မွေးနေသော မောင်ရင်ညိုသည် သက်လုံကောင်း၍ ကန်တစ်ပတ်ကို သက်သောင့်သက်သာပြေးနိုင်ခဲ့သည်။ စာရေးဆရာ ဟာညံညံက သက်လုံမကောင်းသူဖြစ်၍ ကန်ပတ်ပြေးပွဲတွင် နောက်အကျကြီး နောက်ကျကျန်ရစ်ခဲ့သည်။ မောင်ရင်ညိုသည် မညိုရင့်ထံသို့ ပထမဆုံးရောက်ရှိ၍ အချစ်ကို ရရှိလေသည်။
မညိုရင့်၏ အဖြေသည် ‘ဟောဟဲ’ ကို ဖြစ်စေသည်။ အချစ်အတွက် အသက်စွန့်ထားသူအတွက် အမောဆိုသည်မှာ သက်လုံကောင်းရန်သာ ဖြစ်သည်။
…..
(၈)
မောင်ရင်ညို၏ ဆိုက်ကားခေါင်းခန်းအထက်တွင် မညိုရင့်သည် ကြော့ကြော့ကလေး ထိုင်လိုက်လာသည်။ လေအသင့်တွင် မညိုရင့်ထံမှ သနပ်ခါးရနံ့ကို မောင်ရင်ညိုရလေ၏။ သနပ်ခါးရနံ့ကြောင့် လန်းဆန်းအမောပြေသွားသော မောင်ရင်ညိုသည် မညိုရင့်ကို စကားတစ်စ ဆိုလိုက်သည်။
“ရင်တုန်လိုက်တာ၊ မညိုရင့် အချစ်ကို ရမှ ရပါ့မလားလို့”
“ဟား ဟား ကိုရင်ညိုရယ်၊ လက်ဆည်ကန်ကို ပတ်ပြေးခိုင်းရင် ဟာညံညံ သေချာပေါက်ရှုံးမယ်ဆိုတာသိလို့ ဒီလို လုပ်လိုက်တာ။ နှစ်ယောက်လုံးကို ပတ်ပြေးခိုင်းလိုက်တာ။ ရှင် နိုင်မယ်ဆိုတာ ကျွန်မကောင်းကောင်းသိတာပေါ့”ဟု မညိုရင့်က ခွန်းတုံ့ပြန်လိုက်သည်။ ထို့နောက် ပြုံးစိစိဖြင့် ကျေနပ်နေလေတော့သည်။
မောင်ရင်ညိုကတော့ မညိုရင့်၏ ပါးနှစ်ဖက်အထက်မှ မွှေးပျံ့နေသော သနပ်ခါးရနံ့များကို ငေးကြည့်ရင်း တစ်နေ့တော့ဖြင့် အားရပါးရမွှေးပစ်မည်ဟု မှန်းဆကာ နှာခေါင်းတပွပွဖြစ်နေသည်။
ဤတွင် မောင်ရင်ညိုနှင့် မညိုရင့်တို့သည် ဂန္ထဝင်မြောက်သော ချစ်သူများဘဝသို့ ရောက်ရှိသွားလေသည်။
ဟန်ဆန်း

Leave comment

Your email address will not be published. Required fields are marked with *.