သကာအိုးလေး ကွဲတဲ့အချိန် (ဝတ္ထုတို)၊ စာရေးဆရာ မြင့်ခေါင်ကြည်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ မြင့်ခေါင်ကြည်၏ သကာအိုးလေး ကွဲတဲ့အချိန် ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ မောင်နိုးက ရေးဆွဲပါသည်။

သကာအိုးလေး ကွဲတဲ့အချိန် – မြင့်ခေါင်ကြည် –

“ဟေတုပစ္စယော…
အာရမ္မဏပစ္စယော…
အဓိပတိပစ္စယော…
အနန္တရပစ္စယော…”
တစ်ညလုံး မောင်းလာခဲ့သော စက်ဗိုလ်ကြီး ဦးစိန်မင်းတို့ ဆရာတပည့် ပဲခူးကို မိုးလင်းမှရောက်သည်။
တာဝန်ချိန်ပြီးဆုံး၍ အိပ်စက်အနားယူတော့မည်မို့ သူ့တပည့်က မနက်စာ လက်ဖက်ရည်မုန့်များ အဆင်သင့်စီစဉ်ထားသည်။ ဘုရားရှိခိုး စားသောက်ပြီးမှ ဆရာတပည့် အိပ်ကြတော့မည်။
ကုန်ရထားနှစ်ဆိုင်းတွဲစနစ်ဖြစ်၍ မနက်မှ ဂျူတီဝင်ကြမည့် မြင့်ကိုတို့ဆရာတပည့် ဘူတာဝင်ကတည်းက
ဈေးပြေးဝယ်နေကြပြီ။ ဒီတစ်ခေါက်မှ လိုက်လာသော စက်ပြင်ဆရာကြီး ဦးသန်းရွှေ၏ လက်ရာဖြင့် မြင့်ကို ကြိုက်တတ်တဲ့ ဟင်းလျာကောင်းကောင်း ချက်ခိုင်းရတော့မည်လေ။
ပဲခူးဘူတာတွင် လူစီးရထားများကို ဦးစားပေးစောင့်ရင်း တွဲဖြုတ်တွဲချိတ် လုပ်ရသေးသည်။ စက်ဗိုလ်ကြီး ဦးစိန်မင်း မုန့်စားနေစဉ်မှာ တွဲရွှေ့လုပ်ငန်းလုပ်နေရာမှ ကုန်တစ်တွဲ လမ်းချော်ကျသွားကြောင်း သိလိုက်ကြသည်။
မနက်စာ ချက်ပြုတ်ရန် ပြင်ဆင်နေသူ စက်ပြင်ဆရာကြီး ခုတ်ထစ်နေသော အသားများကိုကြည့်ကာ စက်ဗိုလ်ကြီးက-
“ဟာ… အဲဒီအသားတွေ ဝယ်လာကြတာလား”
“ဟိုစက်ဗိုလ်လေးက အဘနဲ့ မဆုံတာကြာပြီ၊ အဘလက်ရာလေး စားချင်တယ်ဆိုပြီး ဝယ်လာတာ”
ဦးစိန်မင်း ဘာမှဆက်မပြောတော့ဘဲ သူ့အိပ်စင်အခန်းထဲသို့ ဝင်သွားပါတော့သည်။ ဘူတာဝင်းထဲမှာကျသော တွဲမို့ တွဲပြင်အဖွဲ့မှ မçတင်ကာ ထိုတွဲကိုစစ်ဆေးရန် ဖြုတ်ထားခဲ့ရသည်။ သူတို့ ကုန်ရထားက ရန်ကုန်ဘက်သို့ ခရီးဆက်ထွက်လာခဲ့ပြီး မလွှကုန်းဘူတာသို့ ညမှောင်မှ ရောက်ကြပါသည်။
…..
မလွှကုန်းဘူတာရှိ ကုန်တွဲများ ထားရာ ယာဒ်ဝင်းထဲ၌ ပါလာသော ကုန်တွဲများကို ဖြုတ်ထားခဲ့ကြပြီး၊ စက် ခေါင်းနှင့် သူတို့နားနေတွဲကို မလွှကုန်း စက်ရုံထဲသို့ မောင်းခဲ့ကြသည်။ စက်ရုံထဲမှာ လိုအပ်သော ချောဆီ၊ ဒီဇယ်ဆီ များဖြည့်ပြီး၊ စက်ခေါင်းပြင်ဆင်မှုများ လုပ်ကြရမည်။ မြင့်ကို မောင်းလာခဲ့စဉ် မလွှကုန်းဝန်ထမ်းများ ရပ်ကွက် အဝင်၊ ကားလမ်းကူးပေါ်၌ သူတို့နားနေတွဲ လမ်းချော်ကျပြန်သည်။ တွဲပြင်ဌာနအနီးမှာဖြစ်၍ အမြန်ဆုံး မတင်ခဲ့သော်လည်း သူတို့တွဲက အသုံးပြုရက်လွန်နေကြောင်း တွေ့ကြသဖြင့် ပြုပြင်ရန် တွဲပြင်ရုံထဲအထိ ပို့ခဲ့ကြရပြန်သည်။
မိခင်စက်ရုံသို့ပြန်ရန် ကုန်ရထားတွဲများ ကုန်တင်စောင့်ဆိုင်းနေစဉ် စက်ရုံမှတာဝန်ပေးခိုင်းသမျှ သူတို့စက်ခေါင်း နှင့် မောင်းပေးကြရသေး၏။ သို့သော် ဆရာတပည့်ငါးဦးတစ်ကွဲစီမို့ စက်ခေါင်းနှင့် နားနေတွဲ ကူးနေကြရသည်။
ပဲခူးမှဝယ်လာခဲ့သော အသားဟင်းကို ပြုတ်၍ကြော်၍ အသီးအနှံဖြင့်ရော၍ စက်ပြင်ကြီးက လက်စွမ်းပြ ချက်ကျွေးရှာသည်။ ရင်းနှီးသူ စက်ပြင်တစ်ယောက်က မြင့်ကိုတို့ နားနေတွဲမှာ ထမင်းလာစားရင်း-
“အဘသန်းရွှေလက်ရာကတော့ မိုက်တယ်ဗျာ၊ ဝက်ပုန်းဟင်းလေးက လည်းကောင်းဗျာ၊ နားနေတွဲတွေမှာ ဘယ်သူမှ ဒီဟင်းမချက်ကြဘူးဗျ”
“အေးပါ… စားလည်းစား… တို့စက်ခေါင်း ဘရိတ်တုံးတွေလည်း လဲပေးဦးနော…”
“စိတ်ချပါ၊ သူငယ်ချင်းရာ… လိုအပ်တာ အကုန်ပြင်ပေးမှာပါကွ”
ထန်းလက်ကုလားထိုင်ပေါ်တွင် ကွမ်းယာနေသော စက်ဗိုလ်ကြီး ဦးစိန်မင်းက-
“ဟုတ်တော့ ဟုတ်တယ်ကွ (rest.van)ပေါ်မှာ ဘယ်သူမှ ဒီအသား မစားကြဘူး။ အခုပဲကြည့်လေ.. တို့လာ ကတည်းက ရထားနှစ်ခါ ကျပြီးပြီ၊ စက်ခေါင်းနဲ့တွဲ တခြားစီ သွားလိုက်လာလိုက် အဝေးကြီး လုပ်နေရတယ်။ ရက်တွေလည်း ပိုကြာနေပြီ။ ငါလည်း အိမ်မှာ ဒီအသားစားပါတယ်။ ခရီးသွားရင်တော့ မစားတာ ကောင်းမယ်ကွ”
မြင့်ကိုတပည့်လေးက ထမင်းစားနေရာမှ-
“ဟာ… ဆရာကလည်းဗျာ၊ ဆရာလည်း ဘုရားတရားနဲ့ အမြဲရွတ်ဖတ်ပူဇော်နေတာ၊ ပဲခူးမှာ တွဲကျတာက လမ်းဘက်က တာဝန်ယူသွားတယ်လေ။ အခု ကျွန်တော်တို့ တွဲကျတာကလည်း သတ်မှတ်ကာလ လွန်နေလို့ပါ”
မြင့်ကိုကတော့ သူ့တပည့်လိုပင် ဒီအသား ဟိုအသား စားလို့ ရထား မတော်တဆဖြစ်သည်ဆိုခြင်းကို လက် မခံချင် ပေ။ သို့သော် သူတို့လူငယ်တွေက လုပ်သက်ရင့်သည့် စက်ဗိုလ်ကြီး ဦးစိန်မင်းကို လေးစားသဖြင့် သူ့စကား ကို နားထောင်သင့်သည်ဟု တွေးမိ၏။
“ဟုတ်ကဲ့ပါ ဆရာ၊ ဒီလက်ကျန်လေးကုန်ရင် နောက်မချက်တော့ပါဘူး”
သူ့အကြိုက်ဟင်းလျာ လက်စသတ်သည်နှင့် စက်ပြင်ဆရာကြီးက အိုးခွက်များ သန့်ရှင်းဆေးကြော၍ ရွတ်ဖတ် တောင်းပန်ပေးသည်။ မြင့်ကိုတို့လူငယ်တွေ အယုံအကြည် မရှိသော်လည်း အပြန်လမ်းခရီး ချောမောခဲ့တာ ကိုတော့ သတိထားမိခဲ့ကြပါသည်။
…..
ပျဉ်းမနားစက်ရုံတွင် ကြံရာသီ သုံးလေးလအတွင်း ရန်ကုန်လမ်းဘက်မှ ဧလာပြည်ဝင်၊ သာဝတ္တိ၊ မန္တလေးဘက်က ရွာတော်၊ ကြည်တောင်ကန်၊ ရွှေမြို့။ ကျောက်ပန်းတောင်းလမ်းဘက်က ကံသာဘူတာများသို့ ကြံတင်ရန် တွဲအခွံများ နေ့စဉ်ပို့ရသည်။ ကြံတင်ပြီးသော တွဲများကို ပျဉ်းမနား သကြားစက်ရုံသို့ ပြန်ပို့ပေးရသည်။ တစ်နေ့တွင် မြင့်ကိုတို့ဆရာ တပည့်နှင့် စက်ပြင်ဆရာတစ်ယောက် ဒေါက်ဝှီးခေါ်သည့် စက်နှိုး စက်သတ် လွယ်ကူသော စက်ခေါင်းလေးနှင့် သာဝတ္တိသို့ ကြံတွဲပို့ကြသည်။ စက်နှိုးစက်သတ်လွယ်ကူပြီး၊ ဆီစားနည်း၊ ဆွဲအားကောင်းသော စက်ခေါင်းမျိုးကို ဆရာတပည့်တိုင်း ကြိုက်ကြသည်လေ။ တွဲများအပေါ် ကြံတင်နေချိန် တစ်နေကုန် စောင့်ကြရသည်။ သာဝတ္တိဘူတာအရှေ့ ရွာထမင်းဆိုင်လေးမှာ သားကောင်ဟင်းလျာ အစုံရ၏။ သုံးယောက်သား ကိုယ်ကြိုက်ရာ ဟင်းမှာစားကြပြီး မြင့်ကိုက ရေနွေးကြမ်းနှင့် မြည်းရန် ခေါင်းသုပ်လေး ပါဆယ်ထုပ်ခဲ့သေးသည်။ ကြံတင်ပြီး ၍ညနေပြန်ဖို့ စက်နှိုးကြသောအခါ အလာတုန်းက အလွယ်နှိုးခဲ့သော စက် ခေါင်းက စက်နှိုး၍ မရတော့ပါ။ သုံးယောက်သား ချွေးပြန်အောင် စစ်ဆေး ကြိုးစားကြသော်လည်း နောက်ဆုံးမှာ ပျဉ်းမနားစက်ရုံသို့ အကြောင်းကြား၍ စက်ခေါင်းတစ်လုံးဖြင့် လာဆွဲရတော့သည်။ နောက်က ချိတ်လိုက်ခဲ့ရသော၊ စက်ခေါင်းပျက်ပေါ်မှာ ရေနွေးဓာတ်ဘူးတစ်လုံးနှင့် ဝက်ခေါင်းသုပ်မြည်းရင်း “အင်း… စက်ဆိုတာ ပျက်တတ်တဲ့ အမျိုးပေကိုးကွ” ဟု မြင့်ကိုက မှတ်ချက်ချပြလိုက်ပါသေးသည်။
…..
လုပ်ငန်းလိုအပ်ချက်အရ မြင့်ကို မန္တလေးစက်ရုံသို့ ပြောင်းခဲ့ရသည်။ ကလေးတွေ ကျောင်းကိစ္စများ ရှိသေးသဖြင့် မိသားစု ထားခဲ့ရသည်။ မကြာမီ တောင်ပြုန်းပွဲတော် ကျင်းပရက် ရောက်လာသဖြင့် တောင်ပြုန်း အထူးရထား များ မောင်းကြရလေသည်။ မြင့်ကိုတို့ စက်ခေါင်းလိုက်အဖွဲ့ဟူသည် ရထားသွားနေစဉ် ထမင်းစားချိန် သတ်မှတ် ၍မရပေ။ အဆင်ပြေသလို စားကြရသဖြင့် တစ်ခါတစ်ရံ ရပ်နားချိန်မှသာ အေးအေးဆေးဆေး စားနိုင်သည်။ အများအားဖြင့်တော့ စက်ခေါင်းပေါ်မှာပင် ထမင်းထုပ်၊ ထမင်းချိုင့်ကို ဇွန်းတပ်၍ ရထားမောင်းရင်း စားကြ ရသည်။ မြင့်ကိုလည်း စက်ခေါင်းပေါ်မှာ ထမင်းစားပြီး သူရဲဈေးသို့ပြန်အဝင် မတ္တရာလမ်းဆုံရောက်သောအခါ သူ့စက်ခေါင်းဘီး လမ်းချော်ကျပါတော့သည်။ ပွဲတော်ကာလအတွင်း မီးရထားဌာနခွဲများ အသင့်ရှိနေသောကြောင့် စက်ခေါင်းကို အမြန်ဆုံး မ တင်လိုက်ကြသည်။ လမ်းဆုံဖြစ်၍ တခြားရထားများကိုပါ ကြန့်ကြာသွားစေခဲ့သည်။ စက်မှုအရာရှိက ခေါ်သဖြင့် မြင့်ကိုတို့ ဆရာတပည့် သွားတွေ့ကြရသည်။
“စက်ဗိုလ်ကြီး ပျဉ်းမနားက ပြောင်းလာတာ မကြာသေးဘူးဆို၊ အရင် ဒီလမ်းတွေ မောင်းဖူးသလား”
“လက်ထောက်အဆင့်တုန်းက ဒီဘက် လိုက်ဖူးပါတယ်၊ အဲဒီကတည်းက မတ္တရာရထား တစ်နေ့နှစ်ခေါက် ပြေးတဲ့လမ်း ဆရာရယ် မိုင်နှုန်းနည်းနည်းပဲ ပေးထားတာ အခုထိပါပဲ”
“ဟုတ်ပါတယ်၊ စက်ဗိုလ်ကြီး မိုင်ပို မမောင်းခဲ့ဘူးဆိုတာ စစ်ပြီးပါပြီ။ ဒါနဲ့ စက်ဗိုလ်ကြီး ဒီနေ့ ဘာဟင်းနဲ့များ ထမင်းထည့်ခဲ့လဲဗျာ”
မတော်တဆမှုနှင့် မသက်ဆိုင်သော မေးခွန်းမို့ အတူလိုက်ပါသည့် စက်ပြင်ဆရာတွေ ပြောတာ ဖြစ်မည်ဟု မြင့်ကို တွေးမိလေသည်။ သူတို့ကပဲ စက်ဗိုလ်တစ်ယောက်၏ ဝါသနာ အမူအကျင့်၊ စက်ခေါင်းမောင်းနှင်ပုံတို့ကို အနီးကပ် သိနေကြသူတွေလေ။
“မိသားစုလည်း မခေါ်နိုင်သေးတော့ဖြစ်သလိုပေါ့ ဆရာရယ်။ ထမင်း ဆီဆမ်းပြီး၊ ဝက်အူချောင်းကြော်နဲ့ ထည့်ခဲ့လိုက်တာပါပဲ”
“အဲဒါပဲ စက်ဗိုလ်ကြီးရဲ့၊ ကျွန်တော်တို့လည်း ခေတ်လူငယ်တွေပါ။ အယူသီးတာ မရှိပါဘူး။ ဒါပေမဲ့ ဒီနယ်ဘက် တွေမှာ ပွဲတော် ဒီအချိန်၊ ဒီအသားကို ရှောင်ကြတယ်ဆိုတာလောက်တော့ ကြားဖူးမှာပါ။ စက်ဗိုလ်ကြီးတို့က ရှေ့ဆုံးမှာ တာဝန်ကြီးသူတွေဆိုတော့ သူ့ဒေသ ဓလေ့ထုံးစံလေးတွေကို အလေးထားသင့်တယ် ထင်ပါတယ်။ ဒါလေး စားတာကို ဌာနဆိုင်ရာက အရေးယူလို့မရပေမဲ့ ညီအစ်ကိုလို သဘောနဲ့ ပြောတဲ့စကားပါ။ မပြေးသော် ကန်ရာရှိဆိုသလိုပဲ အခုခရီးစဉ်တွေ ကြန့်ကြာသွားကြပြီဗျာ”
“ဟုတ်ကဲ့ပါ ဆရာ၊ နောက်ကို သတိထားပါ့မယ်”
မြင့်ကို လက်သုံးစကားပါပဲလေ။ သူ နှစ်သက်တာလေးကိုတော့ မရေရာသော အကြောင်းပြချက်တွေကြောင့် ရှောင်ဖို့ရန် စိတ်ကူးမရှိခဲ့။
ငယ်ငယ်က နီရဲကြွပ်ရွနေသော အခေါက်ကင် နှစ်ကျပ်ဖိုးနှင့် မိသားစု ထမင်းစားခဲ့ဖူးသည်။ ကြီးလာလျှင် တစ်ယောက်တည်း နှစ်ကျပ်ဖိုးစားမည်ဟု စွဲထားခဲ့သည်။ အလုပ်ဝင်စ ရန်ကုန်ရောက်လျှင် ရုပ်ရှင်ရုံအောက်က စည်းချက်ကျကျ ခေါက်နေသော ရေခဲရေသည်၏ ဂီတသံကို နားထောင်ရင်း တုတ်ထိုးသည်ဘေးက ခုံပုလေးမှာ အကျထိုင်သည်။ ငရုတ်ဆီနီနီနှင့်တို့ကာ နှစ်ကျပ် သုံးကျပ်ဖိုး စားသည်။ အာသာမပြေသေးခင် အသာထခဲ့ရပြီ။ ကြီးတော့ ငါးရာတစ်ထောင်ဖိုး ပန်းကန်နှင့် စားရပြီ။ ကြက်သွန်ဖြူတစ်ကိုက်၊ ဟင်းချိုရည် တစ်ရှိုက်နှင့် နှစ်ခြိုက်စွဲလမ်းခဲ့သော အသားကို ရှင်ခန်း ဘယ်မှာ အလွယ်ဖြတ်နိုင်ပါမည်နည်း။
…..
မြင့်ကို ရထားမောင်းသက် အတော်လေး ရလာသောအခါ သူ့ကြိုက်တတ်သော ဟင်းလျာထည့်လာမိတိုင်း ခရီးလမ်း အနှောင့်အယှက် ဖြစ်သည်မဟုတ်။ ဖြစ်သောအခါတိုင်းတော့ တိုက်ဆိုင်စွာ သူ့ထမင်းချိုင့်မှာ ထည့်လာမိသည်။ မိဘကိုရိုသေသူ၊ ရောက်ရာအရပ်မှာ တတ်အားသမျှ ဘာသာရေးလုပ်သူမို့ ရထား မတော်တဆမှု ကြီးကြီးမားမား မဖြစ်ခဲ့။ ထို့ကြောင့်လည်း အလျဉ်းသင့်သလို အတူတွဲရသော လက်ထောက်တွေက သူ ကြိုက် တတ်တာလေးကို နားလည်ပေးကြရသည်။ မြင့်ကိုကလည်း သူ့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရအောင် လိုက် လျောတတ်လာပါသည်။ တစ်နေ့ မန္တလေး-ပုဂံရထား မောင်းလာစဉ် လမ်းခွဲဘူတာဖြစ်သော ပုလိပ်၌ သုံး မိနစ် ရပ်နားချိန်ပေးထားသည်။ အမျိုးသမီးနှစ်ဦး ထမင်းချိုင့်လေးတွေ ဆွဲကာ စက်ခေါင်းသို့ လာကြ၏။
“စက်ဗိုလ်ကြီး ရှေ့က လသာရပ် စခန်းနားမှာ လမ်းပြင်နေတဲ့အဖွဲ့ကို ချထားပေးခဲ့ပါ”
နာမည်စာရွက်ကလေးတွေ ချိတ်ထားသော ထမင်းချိုင့် နှစ်ချိုင့် လာပေးသည်။ မြင့်ကို လက်ထောက်ကလေးက နတ်ကတော်၏ယောကျာ်း ဖြစ်နေရာ-
“အစ်မတို့က ဘာဟင်းတွေလဲဗျ”
“ရွာထဲမှာ ဝက်ပေါ်လို့ ဝက်သားဟင်းနဲ့ပါကွယ်”
“ဟာ… ဒါဆိုရင်တော့ နောက်က တွဲထိန်းတွေနဲ့ ပေးလိုက်ပါဗျာ၊ စက်ခေါင်းက မတင်ချင်လို့ပါ”
“အံမယ်လေးတော်၊ အယူသီးလိုက်တဲ့ စက်ဗိုလ်တွေနဲ့မှ လာတွေ့နေတယ်၊ ပေးပေး”
အမျိုးသမီးနှစ်ဦးက နှုတ်ခမ်းစူ၊ မျက်စောင်းထိုးကာ ထမင်းချိုင့်လေးတွေ နောက်တွဲသွားပို့ကြသည်။
မြင့်ကိုက သူ့တပည့်လေးအကြိုက် လုပ်ပါစေဟု ဘာမှဝင်မပြော။ ဖြူဖြူတုတ်တုတ် ဟောဒီစက်ဗိုလ်ကြီးက အဲဒီအကောင်မျိုးဆို ပါးစပ်ဟပြီး အုပ်လိုက်မောင်းသွင်းတတ်မှန်း သူတို့ မသိသွားကြပါလေ။
….
ပုဂံမှာ တစ်ညအိပ်ပြီး အချိန်မှန် မနက်စောစော ပြန်ထွက်ခဲ့ကြသည်။ ဝါတွင်းကာလ ကုန်ဆုံးတော့မည်မို့ ရာသီဥတုသာယာသည်။ မိုးလေကင်းစင်ပြီး လမ်းတွေ သဲမဖုံးတော့။ ပုဂံမှ သုံးလေးဘူတာအကျော် ဖက်တန်း ဘူတာလေးသို့ ရောက်သောအခါ လူငယ်တစ်ယောက်က စက်ခေါင်းသို့ ထမင်းထုပ် လေးထုပ် လာပေးသည်။ ဘူတာရှေ့တစ်ခေါ်သာသာမှ မြင်နေရသောရွာကလေးသည် ဝါတွင်းကာလ ဥပုသ်ရက်ကြုံတိုင်း ရထားပေါ်မှ ဝန် ထမ်းများကို ထမင်းထုပ်လာပေးလေ့ ရှိသည်။ ထမင်းစားချိန် စောသေးသဖြင့် စက်ခေါင်းပေါ်တွင် ချိတ်ကာ ခရီး ဆက်လာကြစဉ် မြင်းခြံမရောက်မီ သုံးလေးဘူတာအလို၌ မြင့်ကို ရထားက ဆိတ်တွေတင်လာသော တွဲလမ်းချော် ကျပြန်သည်။ ကားလမ်းနှင့် နီးသဖြင့် ခရီးသည်တို့ကားဖြင့် ပြောင်းစီးသွားကြလေသည်။ မြင်းခြံမှ လာကြမည့် တွဲပြင်နှင့် လမ်းအင်ဂျင်နီယာအဖွဲ့ကို စောင့်ကြရင်း နေ့ခင်းထမင်းစားချိန်ရောက်လာတော့သည်။ ယခင်နေ့တွေက မြင်းခြံမှာ ဂျူတီလဲပြီး နားနေရိပ်သာရောက်မှ စားကြသည်။ စက်ပြင်ဆရာနှစ်ယောက်လည်း မြင်းခြံရောက်မှ ထမင်းဆင်းဝယ်လေ့ ရှိသည်။ စက်ခေါင်းပေါ်တွင် လေးယောက်သား ထမင်းလက်ဆုံစားကြရန် လမ်းမှပေးသော ထမင်းထုပ်ကိုယ်စီ ဖြေလိုက်ကြသည်။ မြင့်ကို လက်ထောက်လေးက ထမင်းထုပ်ကို ကြည့်ပြီး မျက်နှာပျက် သွားချိန်မှာပင်
“အိုကေပဲကွာ၊ ငါ့အကြိုက်နဲ့ လာတွေ့ပြီ၊ အလှူရှင်တွေ ကျန်းမာချမ်းသာကြပါစေ”
ထမင်းထုပ်ကလေး မြှောက်ကာ မြင့်ကို ဆုတောင်းစကား ဆိုလိုက်သည်။
သူတို့အားလုံး မြင်လိုက်ကြသည်က ထမင်းထုပ်တိုင်းတွင် ကြက်ဥကြော်၊ သရက်ချဉ်သုပ်နှင့် ခပ်တုတ်တုတ် ဝက်သားတုံးကြီးများ ဖြစ်ပါလေသည်။
…..
အသက်ငါးဆယ်ကျော် ပင်စင်နားနီးလာသော ဦးမြင့်ကိုတစ်ယောက် တိုက်ဆိုင်မှုများနှင့် အကြိမ်ကြိမ်တွေ့ ခဲ့သော်လည်း သူ့ပေါ့ဆမှုကြောင့် ရထား မတော်တဆဖြစ်တာမျိုး အလွန်နည်းခဲ့သည်။ ထို့ကြောင့်လည်း အစွဲထားပြီး သူ နှစ်သက်ရာ ရသတဏှာကိုတော့ ဘယ်တော့မှ မရှောင်ကြဉ်ခဲ့ပါ။ လောကတွင် မမြင်မသိနိုင်သော အကြောင်းတရားများ ရှိနေတာကိုလည်း သူ မယုံကြည်။ “ပညာတွေ သိပ်တတ်လာရင် ယုံကြည်မှုသဒ္ဓါတရား အားနည်းတတ်တယ်” ဆိုသော၊ မင်းကွန်ဆရာတော်ဘုရားကြီး၏ အဆုံးအမလည်း နားမဝင်ခဲ့။ အသက်ကလည်း ရလာ၊ အငြိမ်းစားယူရန်လည်း နီးလာသောအခါမှ သူတစ်သက်လုံး နှစ်သက်စွာ ထည့်ယူစားသောက်ခဲ့သော အသားကို လမ်းခရီးသာမက အိမ်မှာပါ လုံးဝရှောင်လိုက်ရသောအဖြစ် ရောက်ခဲ့ပါချေပြီ။
အကြောင်းရင်းမှာ ရထား­မောင်းနေစဉ် တစ်နေ့ အရက်မသောက်ရပါပဲ ဒေါင်ချာစိုင်းအောင် မူးနေသဖြင့် နီးစပ်ရာ ဘူတာမှာ ဆေးကုခဲ့ရသည်။ ထိုအခါမှ သူလည်း ခေတ်မီရောဂါ လက်ဆောင်ရနေပြီဟု သိလိုက်ရသည်။ ထိုနေ့မှစ၍ ဆေးမှန်မှန်သောက်နေရသောကြောင့် သကာအိုးကွဲ၍သာ ရွှေစည်းခုံကို လှူလိုက်ရခြင်း ဖြစ်ပါလေ တော့သတည်း။
မြင့်ခေါင်ကြည်

Leave comment

Your email address will not be published. Required fields are marked with *.