အရူးလက်မှတ်(ဝတ္ထုတို)၊ စာရေးဆရာ အောင်ဖြိုးကျော်(ပခုက္ကူ)

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ အောင်ဖြိုးကျော်(ပခုက္ကူ)၏ အရူးလက်မှတ် ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ မောင်နိုးက ရေးဆွဲပါသည်။

အရူးလက်မှတ် – အောင်ဖြိုးကျော်(ပခုက္ကူ)
(၁)
ခုချိန်တွင် သူ့အတွက် အလိုအပ်ဆုံးအရာမှာ အရူးလက်မှတ်တစ်စောင်သာ ဖြစ်လေတော့၏။ အရေးတကြီး အမြန်အဆန် ချက်ချင်းလက်ငင်း ဥုံဖွ ဆို မန်းလိုက် မှုတ်လိုက်သလို ရချင်နေမိတော့၏။
…..
(၂)
ဆောင်းတွင် ဆည်းဆာနှင့် ၅ နာရီ ပေါင်းဖက်၍ ရာသီနှင့်အချိန်ညားသည့် နေ့ကလေးက စောစီးစွာ အိပ်ရာဝင်သည့်တိုင် မိုးဆိုသည့်ကလေး ထပ်မွေးသည့်အခါ အိမ်ထောင်သက်ရင့်သွားဟန် တူသည်။ ခုလို ဇွန်၊ ဇူလိုင်လများတွင် ညနေ ၇ နာရီထိုးလုနီးမှ နေ့ကလေးက အိပ်ရာဝင်တတ်၏။ ထိုကာလများက မိုးဖွဲဖွဲကျလျှင် စွတ်စိုပြီး အိုက်စပ်စပ်နှင့် နေ့တာသည် အငိုသန်သည့်ကလေးလို ရှည်ရှည်လျားလျား တွား၍ တွား၍ သွားနေတော့သည်။ လမ်းမီးများက သစ်ပင်ကြီးများ အုပ်မိုးထားသည့် အရိပ်မည်းမည်းကြားမှ ခေါင်းပြူ၍ ညကို စူးစမ်းစပြု၏။ ပက်လက်ကုလားထိုင်ပေါ်မှ သူ့အသက်ကို တစ်ရက်တိုး သတ်မှတ်နေသော ဆည်းဆာကို မချင့်မရဲကြီး ငေးနေမိ၏။

“အိုဗာဂါးနားစတိုင် … အိုဗာဂါးနားစတိုင် …”
ဟိုက်… သောက်ကျိုးနည်း ဘယ်လို ရိန်းတုံးသံတုံးဟ ဆိုသည့် အတွေးနှင့် သူ ဟန်းစက်ကို ဖွင့်လိုက်မိသည်။
“ဆရာ၊ ဆရာ့ ကျုပ် ကျုပ် ဆိတ်ချီး”
ဘုရား၊ ဘုရား ဆရာဆိတ်ပါလား ဟု သူ အလျင်တ မိ၏။ မရှိမကောင်း ရှိမကောင်း၊ မပေါင်းလည်းခက် ပေါင်းလည်းခက် ဟူသော စာစုနှင့် အမှတ်အသားအောက်တွင် ထို၊ ဤ၊ သည်၊ ၎င်းဆိတ်ကျောင်းသား ရာအိမ်မှူးက ထိပ်ဆုံးမှပါ၏။
“ဝဏ္ဏစန်းကို ရဲက ဆွဲထားတယ် ဆရာ”
“ဟေ” လို့ အသံထွက်အောင် သူ အံ့အားသင့်ရ၏။ တစ်နေ့ကပင် ရွာဝင် လမ်းတစ်လျှောက် လှုပ်လီလှုပ်လဲ့ ကနွဲ့ကလျ ဆင်မယဉ်သာ သင်း သွားနေဟန်ကို ပြန်မြင်ယောင်လာမိ၏။
“ဆရာဆိတ် ဂျင်းသတင်းလားဗျာ၊ နေ့သေမလား ညသေမလား ဆေးခန်းပြနေရတဲ့ ယဲ့ယဲ့ကျန် အရက်သမားကို ရဲက ဘာဖြစ်လို့ ဖမ်းတာတုံး”
“ဆိုင်ကယ် ခိုးမှုနဲ့ ဆရာ”
“ဘာ… ဘယ်လို ဘယ်လို”
“သီဟိုဠ်ရှင်ဘုရား ဈေးဆိုင်တန်းက ဆိုင်ကယ်ကို လျှောက်တွန်းနေတုန်း မိတာပဲ ဆရာ”
စကားအဆုံး သူ အသက်ရှူရပ်စဉ် မီးက ဖျတ်ခနဲ ပျက်သွားတော့၏။
…..
(၃)
ခဏနေတော့ ဝဏ္ဏစန်းညီ ပေါက်ကြီးထံမှ သူ့အစ်ကို စာရိတ္တအား အာမခံပေးရန်နှင့် ဒေါက်တာ ဝင်းမြတ်ဦး ဆေးခန်းမှ လူနာဖြစ်ကြောင်း စခန်းတွင် အာမခံပေးရန် အပူတိုက်တော့ စခန်းဆီ ဦးတည်ကြရတော့၏။
ရဲစခန်းက သူနှင့် စိမ်းလှသည် မဟုတ်။
မြို့ကလေး ကြွယ်ပိုးကြွယ်ဝ မဖြစ်ခင် ဆေးရုံကြီးနောက်ဘက် ထင်းတန်းလမ်းတစ်လျှောက် ထင်းလှည်း၊ နွားလှည်း၊ မြင်းလှည်းဂိတ်၊ ဆိုက်ကားဂိတ်တွေ ရှိစဉ်ကတည်းက ရဲစခန်းသည် သူနှင့်ငယ်ပေါင်း။
ခနော်ခနဲ့ သစ်သားတိုင်လေးတွေနှင့် သွပ်ဆူးကြိုး မညီမညာကာတန်းပြီး တောင်ဘက်အပေါက်၊ မြောက် ဘက်အပေါက်များက အကျယ်ကြီး အဆို့အစည်းမရှိ။ အပိတ်အတားမရှိ။ အထက (၁) ကျောင်းက သူငယ်ချင်းများနှင့် တွေ့ချင်လျှင် တောင်ဘက်ပေါက်မှဝင်၍ မြောက်ဘက်အပေါက်ကို ထောင့်တန်း စက်ဘီးနှင့် သူ ဖြတ်နေကျ။
မြို့သူမြို့သားများလည်း ထိုနည်းနှင်နှင်။ ရဲစခန်းဆိုတာကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထား ဝင်ထွက် သွားလာကြ၏။ လက်ချိုးရေရသည့် မြို့လူအားနှင့် ရဲအင်အားမျှ၏။ အကြိုတော်ရုံပြည်ကူးတို့ဆိပ်၊ မင်းဒင် မြင်းခြံမော်တော်ဆိပ်၊ ညောင်ဦးမော်တော်ဆိပ် နေ့၊ ည အလှည့်ကျ ကင်း ၃ ယောက်ချသည်နှင့် မြို့လုံခြုံရေးက စိတ်ချရ၏။
သမဥက္ကဋ္ဌ သူ့အဘနှင့် စခန်းက ရဲကြပ်ကြီး ကိုဆောင်းက ပုလင်းတူ ဘူးဆို့၊ ရွာလာလျှင် နေ့တစ်ဝက်စာ ကျောက်ချနေတတ်သည်။ သူတို့ ကလေးဘဝက ရဲဆိုလျှင် ကြောက်၏။ အငိုသန်သည့်ကလေးတွေကို “တိတ်နော် သူကြီးအိမ် ရဲတွေရောက်နေပြီ” ဟု  ခြောက်လျှင် တိခနဲ တိတ်သည်။
ကိုဆောင်းနှင့် သူ့ကြား မမေ့စရာ အဖြစ်လည်း ရှိ၏။
ကိုဆောင်းကို မြင်ဖန်များတော့ ရဲဆိုတာ သူ့အတွက် ကြောက်စရာမဟုတ်။ တစ်ရက် ကိုဆောင်းအိပ်နေစဉ် နေဝင်းစတင်းခေါ်သည့် တောင်ဆုပ်လောက် ဘေးတိုက်ကျည်ကပ်နှင့် သေ နတ်ကို သူ ယူဆော့မိ၏။ မ ကြည့် ဆ ကြည့်မိ၏။ ပင့်ချိန် မိုးပေါ်မြှောက် ခလုတ်ညှစ်ကြည့်၏။
သေနတ်က တုတ်တုတ်မလှုပ်၊ သူ ကြားချင်လွန်းသည့် “ဒိုင်း” သံ မဆိုထားနှင့် ရွှတ်ရွှတ်သံမျှ မကြားရ။ သေနတ်ကား သခင်နှယ် အိပ်ဟန်။ မြင်သွားသည့် အဘ ကမြင်းရပါမည်လားဆိုကာ နွားကန်ကျိုးအောင် ဆော်ပလော်တီး ခံရ၏။
ကိုဆောင်း နိုးလာပြီး ဆွဲမှ အရိုက် ရပ်၏။
“ခင်ဗျားဗျာ ကျုပ်နဲ့ လင်မယားလို ပေါင်းနေပြီး အ ပါ့၊ သေနတ်က အပျက်ဗျ။ ပစ်မရဘူး။ လူရှိန်အောင် ယူလာတာ”
သူ ရဲတွေဆီက သေနတ်မြင်တိုင်း ငယ်စဉ်ကတည်းက စိတ်အနာကြီး နာ၏။
“ဆရာ… ဆရာ… လွန်သွားပြီ”
အတွေးလွန်နေသည်မို့ နောက်က ပေါက်ကြီး အော်သံကြားမှ ဘရိတ်ဖမ်း ပြန်လှည့် ရဲစခန်းထဲ မောင်းဝင်လိုက်ရသည်။
…..
(၄)
အလံတိုင်ဓမ္မာရုံနှင့် ရဲစခန်းအချုပ်ကြား ဆိုင်ကယ်တွေ ငါးသီသလို တန်းစီနေတာ ဦးဆုံးမြင်ရသည်မှအပ လူရှင်းလှသည့်စခန်းအတွင်းဝင်၍ တာဝန်မှူး ဒုရဲအုပ်ကို မြင်ရစဉ် သူ့မှတ်ဥာဏ်တွေ လှုပ်ရှားသွားခဲ့သည်။
မြင့်မားသော အရပ်၊ ညိုဝါဝါ အသားအရေ၊ လှုပ်ရှားမှုနှင့် စကားပြောသွက်သည်တော့ သူမက နည်းနည်း မူကွဲနေ၏။ သူမက လာရင်းကိစ္စမေးရာ ရာအိမ်မှူးပါ စ ဖြေရ၏။ သူနှင့် ၁၀ မိနစ်ခန့် စကားပြောအပြီးမှာ သူမက ရဲဘော်တစ်ယောက်ကို လှမ်းခေါ်ကာ ဖြစ်စဉ်ရှိရာအရပ်ကို စုံစမ်းရန် ချက်ချင်း ထွက်၏။
သီဟိုဠ်ရှင်ဘုရားဈေးတန်းဆီ။
ဆိုင်ကယ်စီးမြန်သော သူပင် မမီ လိုက်။
…..
(၅)
“ကျွန်တော့်အိမ်ရှေ့မှာ မိတာ ဆရာ ဘာမှလည်း မေးမရဘူး။ သူ့ညီမ ဆိုင်ကယ် တွန်းလာတာပဲ ထပ်ကာထပ်ကာ ပြောနေတာ။ ဝိုင်းလာတဲ့လူတွေ ထိန်းရသေးတယ်။ သူ့အိတ်ထဲရှာတော့ ဆိုင်ကယ် ဖျက်တဲ့ ကိရိယာလည်း ဘာမှ မတွေ့ရဘူး။ စိတ်ငြိမ်ဆေးကတ်တွေ တွေ့တယ်။ အဲဒါတွေက ဆရာဝန် လက်မှတ် မပါဘဲ ဆေးဆိုင်က မရောင်းတာ ကျွန်တော် သိတယ်။ မင်းတို့ ဘာမှ မလုပ်နဲ့နော်၊ ဒီကောင်က ဂေါက်နေတာ ထင်တယ်ပြောမှ လူတွေလည်း သဘောပေါက်သွားတာ”
သူ ပင့်သက်ကို မှုတ်ထုတ်လိုက်ရသည်။
“ကျွန်တော်တို့လည်း CCTV ထဲ ကြည့်ရင်း ဒီလူ သူခိုးတော့ မဟုတ်လောက်ဘူးနော်။ သူ့ပုံစံက သိပ်မူမမှန်ဘူးလို့ ပြောနေကြတာ”
ဂေါပက အတွင်းရေးမှူးအသံ အဆုံးမှာ သူ ပင့်သက်တစ်ချက် ထပ်ရှိုက်ဖြစ်သည်။
“ငယ်ငယ်ကတည်းက အတူကြီးလာတာပါဗျာ။ ဘာမှုခင်းမှ ရွာမှာ မရှိပါဘူး။ အသောက်သမားဖြစ်ပြီး ဆွမ်းခံရင်း ငှက်သင့်တာပါ”
စကားအဆုံးမှာ သူမ သူ့နား ပြန်ရောက်လာခဲ့သည်။
“ပိုင်ရှင်နဲ့တော့ အဆက်အသွယ် ရပြီး အုပ်မှူးရေ၊ သူတို့လာရင်သာ ကျေနပ်အောင် တောင်းပန်ပါ။ ဒီအနေအထားက ပိုင်ရှင် ကျေနပ်ရင် ဒီမှာပဲ ပြီးနိုင်ပါတယ်”
သူ့မျှော်လင့်ချက်သည် သူ့အတွက် မဟုတ်။ အမှန်တရားအတွက်လို့ သူ ပြောရန် မမီလိုက်တော့။ လက်ဖက်ရည်တစ်ခွက်စီဖြင့် တိုက်မည့်စိတ်ကူးလည်း မအောင်မြင်။ သူမက သူ့ရဲဘော်ဖြင့် တန်းနေအောင် ပြန်မောင်းသွားခဲ့သည်။
အလာတုန်းကအတိုင်း ဆိုင်ကယ်စီးပြန်သည့်သူပင် မမီလိုက်။
…..
(၆)
“မကျေနပ်ဘူး၊ ဘာလို့ ကျေနပ်ရမှာလဲ။ ခိုးစားနေတုန်းက ခိုးစားနေပြီးတော့ ခုမှ အရက်ကြောင်တာ တွေ၊ ဘာတွေလာလုပ်မနေနဲ့။ ဒီခေတ်ထဲမှာ အရူးလက်မှတ်ဆိုတာ မဆန်းဘူး၊ ဆရာဝန် လက်မှတ် လည်း ငွေပေး ရတာပဲ။ ရဲလည်း ပိုက်ဆံပေး ရတာပဲ”
သူ့မျှော်လင့်ချက်တွေကို တစ်စစီ ရိုက်ချိုးနေသည့် ဆိုင်ကယ်ပိုင်ရှင်ကို သူ ငေးနေမိသည်။ အသက် ၂၅ နှစ်ခန့် ရှိမည်။ ဖြူဝင်းသော အသားအရေနှင့် ကြည့်ပျော်သော ရုပ်ရည်နှင့်။
“ဦးတို့က ကျေးရွာလူကြီးတွေပါ။ ဖမ်းခံရတဲ့ကလေးက တကယ်သူခိုးဆိုရင် မျက်နှာပျက်ခံ ဒီနေရာထိ လိုက်ပြီး မတောင်းပန်ပါဘူး။ တကယ် အပြစ်မရှိသူ ထိခိုက်နစ်နာမှာ စိုးရိမ်လို့ပါ”
သူ့ဘဝတွင် တစ်ခါမှ မရို့ကျိုးဖူးသည့်အသံ၊ အမှန်တရားအတွက် သမီးအရွယ်ကို သူ မရှက်မကြောက် တောင်းပန်နေရဆဲ။
“ဟေ့ ဒီမှာ မင်းစကားကို ထိန်းပြော၊ ဒါ ကျေးရွာလူကြီးတွေ ပြီးတော့ မင်းမိဘအရွယ်လောက်တွေ ရှိတယ်”
ဒုရဲအုပ် သူမက မနေသာဟန်နှင့် ကြားဝင်လာခဲ့သည်။
“ကောင်မ ပျောက်တာ ငါ့ဆိုင်ကယ်ဟဲ့၊ နင်တို့ရဲတွေက ဘာလုပ်ပေးနိုင်လို့တုံး”
“ကောင်မ နင်မရိုင်းနဲ့နော် ဒါ နင့်အိမ်မဟုတ်ဘူး ရဲစခန်း။ လုပ်ပေးနိုင်လို့ ခုပျောက်နေတဲ့ နင့်ဆိုင်ကယ် ပြန်တွေ့နေတာပေါ့။ နင်မကျေနပ်ရင် အမှုက တရားရုံးတင်ရမှာ၊ ဘယ်မလဲ ဝှီးတက်၊ အုံနာဘုတ်၊ မောင်းလိုင်စင်၊ အဲဒါတွေ မပါရင် နင့်ဆိုင်ကယ်ကို တရားသူကြီးက လိုင်စင်မဲ့ ဆိုင်ကယ်ဆို သိမ်းရတယ်။ ကောင်မ ရဲတိုင်း မကောင်းဘူးလို့ မမြင်နဲ့၊ လက်တောင် အတိုအရှည် ရှိတယ်”
ပွဲက ကြမ်းလာခဲ့သည်။
“ကျွန်မ သူ့အမေပါ တောင်းပန်ပါတယ် ဗိုလ်လေးရယ်၊ အိမ်မှာ တစ်ယောက်တည်း မွေးထားတာဆိုတော့ ဆိုးတယ်။ ဗိုလ်လေး ပြောတာတွေက ကျွန်မဆီမှာ ပါပါတယ်”
“အုပ်ကြီးတို့ ခဏထိုင်ပါဦး”
ဒုရဲအုပ် သူမက ပိုင်ရှင်ကလေးမ အမေကို လိုအပ်တာတွေ မေးမြန်းနေသည်က ၁၅ မိနစ်ခန့်ကြာမည်ဟု ထင်မိသည်။ ပိုင်ရှင်တွေ ပြန်သွားတော့မှ သူမက သူ့အား အပြုံးနုနုဖြင့် ကြည့်၏။
“အုပ်ကြီး၊ ကျွန်တော့်ကို မှတ်မ်လား။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ယာဉ်တိုက်မှုဖြစ်တာလေ။ အုပ်ကြီးရွာက မျက်မြင်သက်သေပါလို့ ကျွန်တော် ခေါ်မရဖြစ်နေတော့ အုပ်ကြီးကိုယ်တိုင် စခန်းလာပို့ပေးတာ”
သူ့ငွေ့ငွေ့အပြုံးဖြင့် မှတ်မိကြောင်း အဖြေပေးလိုက်မိသည်။
“ခု ကျွန်တော်အားလုံးကို ကူညီဖို့ ကြိုးစားခဲ့တာ အုပ်ကြီးမျက်မြင်ပါ။ ခက်တာက အုပ်ကြီးလူက ရူးတဲ့အဆင့် မဟုတ်ဘူး၊ ကြောင်နေတာ။ အရူးလက်မှတ်ရှိထားရင်တော့ ခုထုတ်ပေးလိုက်လို့ ရတယ်။ တရားရုံးမှာ ကြိုးစားပေတော့၊ တရားသူကြီး ဆင်ခြင်ဥာဏ်နဲ့ဆိုင်တော့တယ်။ မတော် ထောင်ကျ နိုင်တယ်”
စိတ်မသက်မသာဟန်နှင့် သူမ စကားအဆုံးသတ်မှာ စေတနာပါးပါးကို လှစ်ခနဲ သူမြင်လိုက်မိသည်တော့ အမှန်။
…..
(၇)
ညက တိတ်နေခဲ့သည်။ ရွှေမုဋ္ဌော ဘုရားဗျူးပွိုင့်တွင် လူရှင်းစပြုချေပြီ။ ဧရာဝတီ၏ရေစီးသံသဲ့သဲ့မျှင်မျှင်ပင် မကြားရ။ မြစ်ပြင်တွင် အမှောင်ထုက ပိန်းပိတ်နေခဲ့သည်။
“အရူးလက်မှတ်ဆိုတာ ငွေပေး ရင်ရတာပဲ၊ ကောင်မ ငါ့ဆိုင်ကယ် ပျောက်တော့ နင်တို့ ရဲတွေက ဘာလုပ်ပေးနိုင်လို့တုံး”
“ကောင်မ ရဲမြင်တိုင်း မကောင်းတဲ့လူတွေချည်း မမှတ်နဲ့၊ လက်တောင် အတိုအရှည် ရှိတယ်”
ခေတ်၏ ပွတ်တိုက်မှုကြားထဲက မတူညီသော ဘဝကိုယ်စီဖြင့် သက်တူရွယ်တူ မျိုးဆက်သစ်လူငယ်နှစ်ယောက်၏ အသံ။
ခုချိန်မှာ သူ့အား အလိုအပ်ဆုံးက ဘာလဲဟု မေးလျှင်…
အရူးလက်မှတ်။
အောင်ဖြိုးကျော်၊ပခုက္ကူ၊

Leave comment

Your email address will not be published. Required fields are marked with *.