လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုမှုနယ်ပယ် ကျယ်ပြန့်စေရေး ဦးဆောင်မှုသင်တန်း

ကနေဒါသံရုံးနှင့် ပဲန်မြန်မာတို့ ပူးပေါင်းစီစဥ်သည့် “လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုမှုနယ်ပယ် ကျယ်ပြန့်စေရေး ဦးဆောင်မှုသင်တန်း” အား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ၊၂၈၊ ၃၁ ရက်နှင့် စက်တင်ဘာလ ၁၊ ၅၊ ၆ ရက် တွင် (၆) ရက်ကြာ အွန်လိုင်းသင်တန်း ပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မုံရွာမြို့ မှ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အထူးတလည် စိတ်ဝင်စားသော လူငယ်လူရွယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားပြုသူများနှင့်အတူ ပဲန်မြန်မာ၏ ကော်မတီ (၄) ရပ်မှ စိတ်ဝင်စားသူ ပဲန်မြန်မာအဖွဲ့ဝင်များ၊ မန္တလေးမြို့၊ မော်လမြိုင်မြို့ များက လူငယ်များက တက်ကြွစွာ တက်ရောက်ခဲ့ကြပါသည်။
ပဲန်မြန်မာအဖွဲ့ဝင်များ ဖြစ်ကြသည့် ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ သီဟသွေးနှင့် ပဲန်မြန်မာ၏ စီမံကိန်းမန်နေဂျာ ဆရာလဆိုင်း တို့က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် ဆက်စပ်သည့် ဥပဒေများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများ၊ ညွှန်းကိန်းများ၊ သတင်းရေးသားနည်းများ၊ အဖွဲ့အစည်းတစ်ခု စတင်ဖွဲ့စည်းသည့်အခါ ထည့်သွင်းစဥ်းစားရမည့် အချက်များ အကြောင်းကို ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။
ကနေဒါသံရုံးမှ Ms. Jennifer Hart (Political Counselor) က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပဲန်မြန်မာဥက္ကဌ ဆရာ ညီပုလေးကလည်း နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပါသည်။ ပဲန်မြန်မာအဖွဲ့ဝင် ဆရာ မျိုးမြင့်ညိမ်း၊ ဆရာ မြေမှုန်လွင်၊ ဆရာမ မိချမ်းဝေ၊ ဆရာ နေဘုန်းလတ်၊ ဆရာမ နန်းကြာဖြူ (ဘားအံ) တို့က ပဲန်မြန်မာသမိုင်းကြောင်းများအား ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်း (၆) ရက်တာတွင် အခမ်းအနားမှုးအဖြစ် ပဲန်မြန်မာအဖွဲ့ဝင် ဆရာ စောဝေနှင့် ဆရာ သူရဿဝါ တို့က ပြုလုပ်ပေးခဲ့ကြပါသည်။ ကနေဒါသံရုံးနှင့် ပဲန်မြန်မာတို့ ပူးပေါင်းစီစဥ်သည့် “လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုမှုနယ်ပယ် ကျယ်ပြန့်စေရေး ဦးဆောင်မှုသင်တန်း” အား စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြသည့် တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ပဲန်မြန်မာစင်တာ































