PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၅/၂၀၂၀)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၅/၂၀၂၀)
၂၈ ရက်၊ စက်တင်ဘာလ၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
ကပ်ရောဂါကာလ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ပါ ကန့်သတ်ချက်များတွင် သတင်းရယူမှုကို စနစ်တကျ ကင်းလွတ်ခွင့်ပြုရန် တိုက်တွန်းခြင်း
၁။ ယနေ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ဟူသော အခါသမယသည် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ထား သောတစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် “သတင်းအချက်အလက်သိပိုင်ခွင့်နေ့” ဖြစ်ပါသည်။ ထိုနည်းတူစွာ မိမိတို့ကမ္ဘာကြီးသည် ကိုဗစ်၁၉ ကပ်ရောဂါဘေးဆိုးကြီး၏ အန္တရာယ်မှလွတ်မြောက်ရန် ပင်ပန်းကြီးစွာ ရုန်းကန်နေဆဲဖြစ်သလို မိမိတို့မြန်မာနိုင်ငံသည်လည်း ၎င်းကပ်ရောဂါဘေးဆိုးကြီး၏ အပြင်းထန်ဆုံးရိုက်ချက်ကို လတ်တလော ခံစားနေရသည့်အချိန်အခါလည်းဖြစ်ပါသည်။
၂။ ယခုလိုအခါသမယတွင် မိမိတို့ပဲန်မြန်မာအနေဖြင့် မြန်မာနိုင်ငံအတွင်း သတင်းအချက်အလက်သိပိုင်ခွင့်နှင့်စပ်လျဉ်း၍ လေ့လာဆန်းစစ် ဝေဖန်သုံးသပ်ကြည့်ရာ မြန်မာနိုင်ငံတွင်း သတင်းအချက်အလက်သိပိုင်ခွင့်များသည် ယေဘုယျအားဖြင့် အတိတ်ကာလနှင့်ယှဉ်လျှင် သိသိသာသာ ပိုမိုတိုးတက်ရရှိလာခြင်းမရှိသည့်အပြင် ယခုလို ကိုဗစ် ၁၉ ကပ်ရောဂါကာလကြီး၌ သိသိသာသာ ချိုးနှိမ်ခံရသလိုပင် ရှိလာကြောင်း စိတ်မကောင်းစွာ တွေ့ရှိရပါသည်။
၃။ အချိန်ကာလ ကြာမြင့်မှုအားဖြင့် ၇ လတာရှိလာပြီဖြစ်သော ကိုဗစ် ၁၉ ကပ်ရောဂါ ဆိုက်ရောက်မှုကြီးအတွင်း နိုင်ငံတော်အစိုးရအပါအဝင် ပြည်သူများသည် ၎င်းကပ်ရောဂါကို စမ်းတဝါးဝါး ရင်ဆိုင်နေခဲ့ရသကဲ့သို့ တစ်ဘက်တွင်လည်း ကပ်ရောဂါနှင့်ပတ်သက်ပြီး သတင်းမှားများ၊ သတင်းအတုများ၊ ကောလာဟလသတင်းများကိုလည်း ကြုံတွေ့နေခဲ့ရပါသည်။ အဆိုပါ သတင်းအဆိပ်သင့်မှု ပြဿနာအား ပြည်တွင်းသတင်းမီဒီယာများအနေဖြင့် နိစ္စဓူဝ သတင်းမှန်များ ရယူဖြန့်ဝေခြင်းဖြင့် တစ်ဘက်တစ်လမ်းမှနေ၍ ကြိုးပမ်းဖြေရှင်းခဲ့ကြပါသည်။ သို့သော်လည်း မကြာသေးမီက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ Stay at Home နေအိမ်တွင်းသာ နေထိုင်ရေး ကန့်သတ်ချက် အစီအစဉ်နှင့်စပ်လျဉ်းသည့် အမိန့်ညွှန်ကြားချက်ပါ ကန့်သတ်မှုမှ ကင်းလွတ်ခွင့်ပြုသည့် လုပ်ငန်းအမျိုးအစားများတွင် သတင်း မီဒီယာများအား ထည့်သွင်းထားခြင်းမရှိကြောင်း တွေ့ရှိရသည်။ ယခုကဲ့သို့ ကန့်သတ်မှုမှ ကင်းလွတ်ခြင်းမရှိသည်သို့ အဓိပ္ပာယ် သက်ရောက်စေသည့် အနေအထားမျိုး၌ သတင်းမီဒီယာများအနေဖြင့် လမ်းပေါ်ထွက်သတင်းရယူခြင်းမှာ ပြစ်မှုမြောက်သလော ဟူသည့် စိုးရိမ်ပူပန်မှုများဖြင့် ရင်ဆိုင်နေရကြောင်း တွေ့ရှိရပါသည်။
၄။ သတင်းမီဒီယာ ဥပဒေ အခန်း (၃) သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ အပိုဒ်-၄(ခ)တွင် သတင်းမီဒီယာသမား များသည် နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်း၊ ဖော်ထုတ်ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့်တို့ ရှိသည်ဟု အတိအလင်းဖော်ပြထားရာ သတင်းမီဒီယာများသည်လည်း ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ရှိသော အစိုးရပိုင် သတင်းဌာနများအပါအဝင် အခြားလုပ်ငန်းများကဲ့သို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတင်းရယူခွင့်ပြုရမည်ဟု မိမိတို့ပဲန်မြန်မာအနေဖြင့် ယုံကြည်ပါသည်။
၅။ အထူးသဖြင့် ကပ်ရောဂါဘေးဆိုးကြီးအား မြန်မာနိုင်ငံအနေနှင့် ယခုကဲ့သို့ ရင်ဆိုင်ကျော်လွှားနေရသည့် အရေးကြီးသော ကာလကြီးတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍအား ယခုလို မေ့လျော့ထားရှိခြင်းမှာ သတင်းအချက်အလက်ရပိုင်ခွင့်ကို အစိုးရ အနေဖြင့် အလေးအနက်ထားရှိမှု မရှိကြောင်း မိမိတို့အနေဖြင့် စိတ်မကောင်းစွာ တွေ့မြင်ရပါသည်။ ထို့ပြင် ပြည်တွင်းသတင်း မီဒီယာများအနေဖြင့် သတင်းရယူမှုကို စနစ်တကျကင်းလွတ်ခွင့်ပြုရန်နှင့် မြေပြင်သတင်းများ ရယူနိုင်ရန် ယခုလိုကန့်သတ်မှုများ ရှိလာသောကြောင့် ပြည်သူလူထုအနေဖြင့် အင်တာနက် လူမှုကွန်ရက်များပေါ်၌ သတင်းမှား၊ သတင်းအတုများ အကြားမှာ သတင်းမှန် ရရှိနိုင်ရေး၊ မမှန်ကန်သည့် သတင်းများ ပယ်ရှားနိုင်ရေးအတွက် အားကိုးအားထားမရှိသလို ဖြစ်လာမည့်အရေးကိုလည်း မိမိတို့ပဲန်မြန်မာအနေဖြင့် စိုးရိမ်တကြီး တွက်ဆမိပါသည်။ ထိုနည်းတူစွာ မကြာမီ ကျင်းပပြုလုပ်မည့် ၂၀၂၀ ပါတီစုံ အထွေထွေရွေး ကောက်ပွဲ၏ အကြိုကာလတွင်း သတင်းမီဒီယာများ၏ လွတ်လပ်စွာ လှုပ်ရှားနိုင်မှုအပေါ် ယခုလိုကန့်သတ်မှုများ၊ ဖိအားများ ကျရောက်နေခြင်းသည် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှုအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိစေမည်ကိုလည်း ထောက် ရှုမိပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်အား ထောက်ထား၍ ကိုဗစ် ၁၉ ကပ်ရောဂါကာလ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ပါ ကန့်သတ်ချက်များတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုကာ စနစ်တကျ ကင်းလွတ်ခွင့်ပေးရန် ယခုလို “သတင်းအချက်အလက် သိပိုင်ခွင့်နေ့” အခါသမယ၌ ပဲန်မြန်မာ အနေဖြင့် တိုက်တွန်းလိုက်ပါသည်။
ပဲန်မြန်မာစင်တာ