PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၄/၂ဝ၁၈)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၄/၂ဝ၁၈)၊ ၁ဝ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၈ ခုနှစ်

တရားရုံးများသည် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အလေးအနက်ထားသင့်ကြောင်း တိုက်တွန်းချက်

၁။ ၂ဝ၁၈ ခုနှစ် PEN/Barbey Freedom to Write ဆုရှင်၊ ရိုက်တာသတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးတို့ကို ဆက်လက်တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ တူးဆွဖော်ထုတ်သတင်းရေးသားမှုကို တွန့်ဆုတ်စေသည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်း ထင်ရှားသည်ဟု PEN America က ယနေ့ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြခဲ့သည်ကို PEN Myanmar က ထောက်ခံလိုက်ပါသည်။

၂။ ဝလုံးနှင့်ကျော်စိုးဦးတို့ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက်တွင် ကိုလိုနီခေတ် ဥပဒေဖြစ်သည့် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သော နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခဲ့သည်။ အဆိုပါ သတင်းထောက် ၂ ဦးသည် ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ စုံစမ်းခဲ့ပြီး ယင်းသတင်းများ ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ရိုက်တာသတင်း၌ ဖော်ပြခဲ့သည်။ ယင်းသတင်းတွင် ရခိုင်ပြည်နယ် အင်းဒင်ရွာရှိ လုယက် တိုက်ခိုက်မှုကို အသေးစိတ်ဖော်ပြထားပြီး နိုင်ငံရေးဆူပူအုံကြွရန် လှုံ့ဆော်မှုဖြင့် တပ်မတော်က စွပ်စွဲဖမ်းဆီးကာ အသတ်ခံရသော မူဆလင် ရိုဟင်ဂျာအမျိုးသား ၁ဝ ဦးအကြောင်းလည်း ပါဝင်သည်။ အဆိုပါ သတင်းထောက် ၂ ဦးသည် စတင်အဖမ်းဆီးခံရပြီးနောက် ၆လခန့် ကြာအောင် ထိန်းသိမ်းခံထားရကာ တရားရုံးက ဆက်လက်တရားစွဲဆိုရန် လုံလောက်သော သက်သေအထောက်အထား ရှိမရှိ မဆုံးဖြတ်ရမီကာလအတွင်း ပဏာမကြားနာမှု(Pre-trial hearing) ကို အပတ်စဉ်ပြုလုပ်ခဲ့ပြီး တရားရုံးက ဆက်လက်တရား စွဲဆိုရန် ဆုံးဖြတ်ခဲ့သည်။ ဝလုံးနှင့်ကျော်စိုးဦးတို့က အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်။ ”ယနေ့ ဆုံးဖြတ်ချက်က အလွန်ပဲစိတ်ပျက် စရာကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်က ဆုတ်ယုတ်လာတယ်ဆိုတာ သတိပေးလိုက်သလိုပါပဲ။ ဝလုံးနဲ့ကျော်စိုးဦးတို့ စုံစမ်းစစ်ဆေးခံရမှု ကြန့်ကြာနေခြင်းက မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာလူ့ရပိုင်ခွင့်စံနှုန်းများ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်စံနှုန်းများ သက်ရောက်မှုမရှိဘူးဆိုတာကို ပြနေတာပါ။ ယနေ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီမျှော်မှန်းချက်တွေ အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။ လူ့ရပိုင်ခွင်ချိုးဖောက်မှုတွေအကြောင်းကို စုံစမ်းဖော်ထုတ်ပေးခဲ့တဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့ကို ချီးကျူးဂုဏ်ပြုရမယ့်အစား သူတို့ကိုအပြစ်ပေးခဲ့တယ်။ သူတို့တွေအနေနဲ့ သူတို့ရဲ့မိသားစုတွေနဲ့ အတူတကွပြန်လည် နေထိုင်ခွင့်ရသင့်ပါတယ်။ ပဲန်အမေရိကအနေနဲ့ သူတို့ကို ခြွင်းချက်မရှိ အလျင်အမြန် လွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု PEN America ၏ အမှုဆောင်အရာရှိချုပ် Suzzane Nossel က ပြောကြားခဲ့သည်။

၃။ PEN America က 2018 PEN^Barbey Freedom to Write Awardကို ဖေဖော်ဝါရီ လတွင် ချီးမြှင့်ခဲ့သည်။ ယင်းဆုသည် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးသဖြင့် အကျဉ်းချခံရသော စာရေး ဆရာများ သတင်းထောက်များကို ရည်ရွယ်၍ပေးအပ်ခဲ့သည်။ ၁၉၈၇ ခုနှစ်ကတည်းက ယင်းဆုကိုရရှိခဲ့သော အကျဉ်းချခံစာရေး ဆရာ ၄၂ ဦးအနက် နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ဖိအားပေးမှုတို့ကြောင့် ၃၇ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။ ဤဆုချီးမြင့်မှုသည် PEN America က မြန်မာသတင်းသမားများကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲပြီးသည့်နောက် ပထမဆုံး ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။   သိသာထင်ရှားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ရမည့်အစား မြန်မာနိုင်ငံ၏ လူ့ရပိုင်ခွင့်နှင့် လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့် အခြေအနေများသည် ပိုမိုဆိုးရွားသွားကြောင်း နိုင်ငံတကာက မှတ်ချက်ပေးသည်။ ပဲန်မြန်မာနှင့် မိတ်ဖက်အဖွဲ့အစည်း ၁၈ ဖွဲ့က နှစ်စဉ်ပြုလုပ်လျက်ရှိသော ”မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာအခြေအနေအကဲဖြတ် အစီရင်ခံစာ”ကို ဒုတိယအကြိမ်အဖြစ် မေလတွင် ထုတ်ဝေခဲ့သည်။ ယင်းအစီရင်ခံစာတွင် လူ့ရပိုင်ခွင့်နှင့် လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်အခြေအနေများသည် ဆက်လက်ကျဆင်းနေကြောင်း မှတ်ချက်ပြုခဲ့သည်။

၄။ PEN America ၏ အထက်ပါ အဆိုပြုချက်ကို PEN Myanmar က ထောက်ခံခြင်းမှာ သတင်းသမားများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) အရ ထောက်ခံခြင်းဖြစ်ပြီး မိမိတို့ အယူအဆကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။ ပြုပြင်ရန် လိုအပ်သော မြန်မာ့တရားစီရင်ရေးစနစ်ကို ဒီမိုကရေစီစံနှုန်းနှင့် အပြည့်အဝညီညွတ်စေရန် ထောက်ခံမှု တစ်ရပ်လည်းဖြစ်သည်။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာ၌ တရားရုံးများသည် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အလေး အနက်ထားသင့်သည့်ဟု PEN Myanmar က တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.