တွေ့များ တွေ့ရင်(အမှတ်တရစာစု)၊ စာရေးဆရာမ ပျိုဇန်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်း အမှတ်တရစာစုကဏ္ဍတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ ပျိုဇန်၏ တွေ့များ တွေ့ရင် ကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ အောင်ကျော်က ရေးဆွဲပါသည်။

တွေ့များ တွေ့ရင်

“အိမ်ပြန်လာ တပေါင်းလ ချစ်စရာနွေ ကြွေရွက်တွေ ဝဲလို့ ဝေ့လည်နေကြတယ်”

သီချင်းသံလေးကြားတော့ မြီးကောင်ပေါက်အရွယ်က အမှတ်တရဖြစ်ခဲ့ရတဲ့ လက်ဖက်ရည်ဆိုင်လေးကို သတိရမိတယ်။ လက်ဖက်ရည်ဆိုင်လေးက ကိုယ် ဆယ်တန်းကျူရှင် တက်ရတဲ့ကျောင်းရဲ့ လမ်းထိပ်မှာ ဖွင့်ထားတာပါ။ ကိုယ်က ဆယ်တန်းကို စက်ဘီးနဲ့ ကျူရှင်တက်ပြီး အပြင်ဖြေခဲ့သလို ကိုယ့်ကျူရှင်ကျောင်းကလည်း ဝင်းကြားကြီးတစ်ကြားထဲမှာ ရှိတာပါ။ ကျူရှင်လာတိုင်း လက်ဖက်ရည်ဆိုင်ထောင့်ကနေ ချိုးကွေ့ဝင်ရတယ်။ အတန်းထဲက ကျောင်းသားတွေက ကျူရှင်မစခင် ၈ နာရီခွဲအထိ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ ကိုယ် ကျူရှင်အလာကိုစောင့်တဲ့ ကျောင်းသားတော့ မရှိပါဘူး။ ဒါပေမဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်အပြီး ကျူရှင်ပြန်ဖွင့်တော့ လက်ဖက်ရည်ဆိုင်ကနေ ထိုင်စောင့်ကြည့်တဲ့သူ ရှိလာတယ်။ အစကတော့ ကိုယ်လည်း မသိပါဘူး။ သူငယ်ချင်းယောကျာ်းလေးတွေ သတင်းပေးမှုကြောင့် သိရတယ်။ သူက ကိုယ့်ထက် ကြီးသတဲ့။

ကဗျာတွေ စာတွေ ဝါသနာပါသလို စိတ်ကူးအင်မတန်လည်း ယဉ်တဲ့ လူအေးတစ်ယောက်ဆိုပဲ။ အဲဒီလက်ဖက်ရည်ဆိုင်ထောင့်မှာလည်း တမာပင်ငယ်လေး ရှိတယ်။ လက်ဖက်ရည်ဆိုင်လေးက တစ်ဖက်အရိပ်ရ အပင်ကြီးတွေကြောင့် အေးမြသလို တမာပင်ငယ်လေးက ဆိုင်ရဲ့ထောင့်မှာ ရှိနေတဲ့အနေအထားလေးဟာ မိသားစုဆန်တဲ့ဟန်လေး ဖြစ်နေစေတယ်။ ပြောရရင် အဲဒီထိုင်ချင့်စဖွယ် လက်ဖက်ရည်ဆိုင်ရဲ့တမာပင်အရိပ်မှာ သူ အမြဲထိုင်လေ့ရှိတယ်။ ထိုင်တိုင်းလည်း တမာပင်စည်လေးမှီရင်း ဆေးပေါ့လိပ်လေးဖွာပြီး ကိုယ်အလာ ငေးနေတတ်တယ်။ တစ်ခုကောင်းတာက အတန်းဖော်သူငယ်ချင်းတွေက သတင်းပေးတာကလွဲပြီး အောင်သွယ် လုံးဝမလုပ်ပေးကြတာပဲ။ ကိုယ်လည်း သူထိုင်ကြည့်နေရုံပဲမို့ စိတ်အနှောင့်အယှက်မဖြစ်ရတာကြောင့် ဘယ်လိုမှလည်း မနေခဲ့ပါဘူး။ ကိုယ့်အတွက်က ဆယ်တန်းနှစ်ချင်းပေါက် အောင်ရေးသာ အဓိကအရေးအကြီး ဆုံးကိုး။

သတိထားမိတာတစ်ခုကတော့ ကိုယ် လာတိုင်း လက်ဖက်ရည်ဆိုင်ဖွင့်တဲ့သီချင်းက ဇော်ဝင်းထွဋ်ရဲ့ ယုဇနပင်နဲ့ ဖဲကြိုးဝါ သီချင်းပါ။ ဆိုင်က သီချင်းဖွင့်ရင် ဆူညံနေအောင် မဖွင့်ဘဲ သူ့ဆိုင်တစ်ခုစာသာသာကြားနိုင်တဲ့ အသံနှုန်းပဲ ဖွင့်ပါတယ်။ ဒီလိုနဲ့ ဇန်နဝါရီလထဲက ရက်တစ်ရက်မှာ ကိုယ် ကျူရှင်အပြန် ပြိုင်ဘီးလေးနဲ့ လိုက်လာပါတယ်။ ကျုံးနံဘေးတစ်လျှောက်အထိ နောက်ကနေသာ လိုက်လာပြီး ကိုယ့်အိမ် လမ်းမကြီး မရောက်ခင်ကျမှ သူ့သဘောထားရေးထားတဲ့ စာလေး ယူသွားပေးပါ ညီမလေးဆိုပြီး ကိုယ့်စက်ဘီးခြင်းထဲက လွယ်အိတ်ထဲကို လှမ်းထည့်ပေးပါတယ်။ ကိုယ့်ဘေးနား စက်ဘီးကပ်နင်းလာမှ သူ့ကို သတိထားကြည့်မိတယ်။ ဖြူဖွေးသန့်နေတဲ့ ရှပ်ကွက်အဖြူနဲ့ ကချင်ပုဆိုးဝတ်ထားပြီး ဝင်းအိနေတဲ့ အသားအရေရှိတဲ့မျက်နှာပေါ်က နှုတ်ခမ်းမွေး စစနဲ့ လူပုံက တည်ခံ့နေပါရော။ သူက ကဗျာသမား စာသမား ဆိုတာကြောင့် ဘာတွေရေးထားမလဲ မိန်းကလေးပီပီ စပ်စုချင်တာကြောင့် လက်ခံယူခဲ့လိုက်တယ်။ အင်းလို့ ကိုယ်ကအပြော ပြိုင်ဘီးကို အရှိန်သတ် ပြုံးကျန်ခဲ့တယ်။

စာထဲကတော့ ကိုယ့်ကိုမေတ္တာရှိကြောင်း ရိုးရှင်းစွာ ရေးထားတာပါပဲ။ စာကြိုးစားဖို့နဲ့ ကိုယ်စာမေးပွဲဖြေရင် လက်ဖက်ရည်ဆိုင်ကို သူ လာမထိုင်ကြောင်းတော့ ပါတယ်။ ထူးခြားတာက အောင်စာရင်းထွက်တဲ့နေ့မှ ကိုယ့်သဘောထား သိချင်ပြီး သူ့ကို လက်ခံရင် တမာပင်လေးမှာ ဖဲကြိုးဝါလေး ချည်ပေးထားခဲ့ပါတဲ့။ ကိုယ့်မှာ ပြုံးရတယ်။ ဒီလိုနဲ့ စာမေးပွဲ ဖြေကြတယ်။ တစ်ဘာသာပြီးတိုင်း ညနေဘက်မှာ ကျူရှင်က စာရေးလေးဆီ မေးခွန်းလာစစ်ကြတယ်။ ပြီးရင် ကိုယ်တို့ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်လေးကို ခဏထိုင်ကြတယ်။ ကိုယ့်ကိုစိတ်ဝင်စားနေကြောင်း ဆိုင်ရှင်ဦးလေး လင်မယားက သိတဲ့အတွက် သူ့အကြောင်းသူ့သတင်း ကိုယ့်ကို ဖောက်သည်ချကြတယ်။ သူ ဖားကန့်ဘက် တက်သွားကြောင်း၊ စာကဗျာနောက်ထား ပိုက်ဆံစုလိုကြောင်း၊ လူလိမ္မာတစ်ဦးဖြစ်ကြောင်း၊ မိဘမျိုးရိုး အေးဆေးရိုးသားကြကြောင်း၊ အောင်စာရင်းထွက်ချိန် ပြန်လာမယ်ဆိုတဲ့အကြောင်း ပြောပြကြတယ်။ ကောင်းသတင်းသာကြားရတဲ့အတွက် ကိုယ့်မှာ ပြုံးရပြန်တယ်။ စာမေးပွဲနောက်ဆုံးနေ့ကတော့ ပေါ့ပါးအေးဆေးစွာ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း ယုဇနပင်နဲ့ ဖဲကြိုးဝါ သီချင်း လေးကို သတိရစိတ်ဖြစ်လာတာကြောင့် ဆိုင်ရှင်ဦးလေးကို သီချင်းဖွင့်ပေးဖို့ တောင်းဆိုမိတယ်။ တပေါင်းနွေနဲ့အတူ တမာရွက်ကြွေလေးတွေလွင့်နေပုံက လွမ်းစရာကောင်းလှတယ်။ အမှန်တိုင်းဝန်ခံရရင် တမာပင်လေးကို မှီထိုင်ခဲ့တဲ့ သူ့ကိုလည်း လွမ်းမိလာတယ်။ ဘာရယ်မဟုတ်ဘူး ကိုယ့်ဆံပင်က ဖဲကြိုးဝါလေးကို ယောင်ယမ်းကိုင်မိပြီး ဘာသာ ရှက်သွားရတယ်။

အခုမှ စပ်မိလို့ပြောရရင် ကိုယ် ဆယ်တန်းတုန်းက သနပ်ခါး မလိမ်းရင်သာရှိမယ် ဆံပင်နှစ်ဖက်ခွဲမှာ ရောင်စုံ ဖဲကြိုးလေးတွေ တစ်နေ့တစ်မျိုး စည်းနှောင်လေ့ ရှိတယ်။ ဒါကြောင့်များ သူက အဖြေတောင်းတော့ သီချင်းထဲကလို ဖဲကြိုးဝါချည်ပေးပါလို့ ဆိုတယ်ထင်ပါရဲ့။ စိတ်ကူးယဉ်သူကြီးရဲ့ သစ်ပင်ကတော့ တမာပင်လေးပေါ့လေ။ အောင်စာရင်း ထွက်ရက်မတိုင်မီ တစ်ပတ်အလိုမှာတော့ သူ့သတင်း ကြားရတယ်။ ဖားကန့်မှာ အိမ်ထောင်ကျသလိုလို၊ မှော်ထဲမှာ ကွယ်လွန်သလိုလို မရေမရာသတင်းတွေပေါ့။ ကိုယ်လည်း ဘာလုပ်ရမှန်းမသိအောင် ယောင်ချာချာဖြစ်ခဲ့တယ်။ အဲဒီအချိန်က အချစ်ဆိုတာ ဘာမှန်းမသိပေမဲ့ တမာပင်လေးမှာ ဖဲကြိုးဝါလေး ချည်နှောင်ထားချင်တယ်။

ငြင်းစရာမကောင်းတဲ့အချက်တွေနဲ့ရှိသူတစ်ယောက် ဖြစ်တာရယ်၊ ရုပ်ရှင်ဆန်ဆန်လုပ်ရမယ့် ကိစ္စရယ်ကြောင့် ဖဲကြိုးဝါလေး ချည်ရမှာကို စိတ်ဝင်စား ရင်ခုန်နေမိတယ်။ ခုလိုသတင်းကြားမှတော့ ကိုယ်လည်း ဘာမှမတတ်နိုင်တော့ဘူးလေ။ အောင်စာရင်းထွက်တော့ ကိုယ် အောင်ပါတယ်။ တက္ကသိုလ်တက်၊ အလုပ်လုပ်၊ ချစ်သူရနဲ့ သာမန်မိန်းကလေးလိုပဲ ဘဝကိုဖြတ်သန်းလို့ပေါ့။ ဘွဲ့ရတော့ ချစ်သူနဲ့ မင်္ဂလာဆောင်ပါတယ်။ မင်္ဂလာလက်ဖွဲ့တွေ တစ်ပုံတစ်ခေါင်းကြားက ထူးထူးခြားခြား သစ်ပင်လေးတစ်ပင် ပါလာတယ်။ သစ်ပင်လေးမှာ ဖဲကြိုးဝါတွေနဲ့ သိပ်လှနေတဲ့လက်ဖွဲ့လေးကြည့်ပြီး အံ့ဩပျော်ရွှင်မိတယ်။ သူပေါ့။ ဖဲကြိုးဝါတွေကြားမှာ စာရေးထားတဲ့ကတ်လေး ပါလာတယ်။ “ပျော်ရွှင်ပါစေ ညီမလေး။ ကိုယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲ ရောက်သွားလို့ ပြန်မလာဖြစ်တာပါ။ အရာအားလုံးအတွက် ခွင့်လွှတ်ပါ။ အဓိပ္ပာယ်ပြည့်ဝတဲ့ ဖဲကြိုးဝါလေးတွေ ယုဇနပင်အစစ်လေးမှာ ချည်နှောင်ပေးလိုက်ပါတယ်”တဲ့။ ပန်းအိုးလေးမှာ ငွေသား စာအိတ်လေးတစ်အိတ်လည်း လက်ဖွဲ့အဖြစ်ပါလာသေးတယ်။ သူ သက်ရှိထင်ရှားရှိနေသေးတာ သိရတဲ့အတွက် ကိုယ် တကယ်ပျော်ရွှင်ခဲ့ပါတယ်။ အဲဒီကစလို့ သူတို့အဖွဲ့အစည်း သတင်းတွေ ကိုယ် နားစွင့်မိတယ်။ စိတ်မချမ်းမြေ့စရာချည်းပါပဲ။ ငြိမ်းချမ်းတဲ့တစ်နေ့ သူပြန်လာရင်တော့ ခွင့်လွှတ်ခြင်း အဓိပ္ပာယ်နဲ့ ဖဲကြိုးဝါလေး ချည်ခွင့်ရချင်ပါသေးတယ်လို့ ယုဇနလှိုင် လက်ဖက်ရည်ဆိုင်လေးကနေ တမာပင်လေးကို ငေးရင်း စိတ်ကူးတွေ ယဉ်နေမိပါတော့တယ်။

(ဩဂုတ်လ ၂၂ ရက်နေ့တွင် ကွယ်လွန်ခြင်း ၂၂ နှစ်ရှိ သွားပြီဖြစ်သော အဆိုတော်ကြီး မင်းမင်းလတ်ကို အောက်မေ့ သတိရစွာ ရေးပါသည်။)

ပျိုဇန်

Leave comment

Your email address will not be published. Required fields are marked with *.