ကရင်ပြည်နယ် အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် ပြုလုပ်ခဲ့သည့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

Zoom Application အသုံးပြုပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
PEN Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၄ နှင့် ၂၅ ရက်များတွင် ကရင်ပြည်နယ် အရပ်ဘက်ဆိုင်ရာလူမှု အဖွဲ့အစည်းများနှင့် အွန်လိုင်း zoom application ဖြင့် ပြုလုပ်ခဲ့ပါသည်။ ယင်းအွန်လိုင်းဆွေးနွေးပွဲကို နှစ်ရက်တာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်(ပထမနေ့)တွင် ပဲန်မြန်မာအဖွဲ့ဝင် ဆရာ မျိုးမြင့်ညိမ်းက အဖွင့်နှုတ်ခွန်းဆက်စကားနှင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်တို့ကို ပြောကြားခဲ့ပါသည်။ ထို့နောက် မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် MIDO(Myanmar ICT for Development Organization) အဖွဲ့မှ ဆရာဝေမျိုးထွဋ်က ဒစ်ဂျစ်တယ်နည်းပညာခေတ်၏ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အခြေခံ အကြောင်အရာများကို ဆွေးနွေးပြောကြားကာ PGK(Pyi Gyi Khin) အဖွဲ့မှ ဆရာသန့်လွင်ထူးက သတင်းအချက်အလက် ရရှိပိုင်ခွင့် ဆိုင်ရာသုံးသပ်ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ပဲန်မြန်မာအဖွဲ့ဝင်၊ ပဲန်အင်တာနေရှင်နယ်ဒါရိုက်တာအဖွဲ့ဝင်လည်း ဖြစ်သည့် စာရေးဆရာမ မသီတာ(စမ်းချောင်း)က ဆွေးနွေးပွဲ၏ အနှစ်ချုပ်ကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားပြုသူများက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ဇွန်လ ၂၅ ရက်တွင် ဆွေးနွေးပွဲဒုတိယနေ့ကို စတင်ရာ ဆရာမ မသီတာ(စမ်းချောင်း)က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သက်ဆိုင်သော တည်ဆဲဥပဒေများ၏ မူဝါဒရေးရာ၊ ဥပဒေရေးရာ ကန့်သတ်ချက်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ပဲန်မြန်မာအဖွဲ့ဝင် ဆရာ ဟန်ဇော်က သတင်းမီဒီယာ ဥပဒေဆိုင်ရာ သုံးသပ်ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ဆရာမ, မသီတာ (စမ်းချောင်း)က နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အနှစ်ချုပ်ကို ဆွေးနွေးတင်ပြခဲ့ကာ တက်ရောက်လာြကသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ ၁း၀၀ နာရီမှ ညနေ ၃း၀၀ ထိ (၂) ရက်တာ ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တစ်ကြိမ်၊ မန္တလေးမြို့ရှိ အရပ်ဘက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့်တစ်ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တစ်ကြိမ်၊ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့်တစ်ကြိမ် အသီးသီး ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။
ပဲန်မြန်မာစင်တာ










